Trending Now

အင်းတော်ကြီးဒေသတွင် ငါးရစ်ငါးသန်ကာလ ငါးများဖမ်းဆီးသူများကို ထိထိရောက်ရောက် အရေးယူမည်

Spread the love

အင်းတော်ကြီးဒေသတွင် ငါးရစ်ငါးသန်ကာလ ငါးများဖမ်းဆီးသူများကို ထိထိရောက်ရောက် အရေးယူမည်

EPN
အင်းတော်ကြီး၊ ဇွန် ၁

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် ယခုဇွန်လ မှ စတင်ကာ ငါးရစ်ငါးသန်ကာလ ငါးဖမ်းဆီးသူများကို ရေချိုငါးလုပ်ငန်း ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမည် ဟု ငါးလုပ်ငန်းဦးစီးဌာန အင်းတော်ကြီး ဒေသ (ရုံးခွဲ)မှ သိရသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန အင်းတော်ကြီးဒေသ (ရုံးခွဲ)မှ ရပ်ကွက်၊ ကျေးရွာများတွင် အသံချဲ့စက်ဖြင့် အသိပေးလှည့်လည် ကြော်ငြာခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပြီး ငါးသယံဇာတ ထိန်းသိမ်းရေးပညာပေး ဆိုင်းဘုတ်များ စိုက်ထူးဆောင်ရွက်ခြင်း၊ အင်းတော်ကြီးအင်းနှင့် ဆက်စပ်ချောင်းများသို့ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိသည်။

“ပညာပေး၊ အသိပေး လုပ်ငန်းတွေက စဉ်ဆက်မပြတ်ဆောင်ရွက်နေပါတယ်၊ ကွင်းဆင်းပြီး လူတွေ့ သတိပေးခြင်းများကို ဆောင်ရွက်ခဲ့ပါတယ်၊ လာမယ့် ဇွန် လကနေ စပြီး ငါးဖမ်းဆီးသူတွေကို ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်”ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကချင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မိုးညှင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ (ရုံးခွဲ)ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတပေါ များလာစေရေးနှင့် ငါးရိက္ခာ ဖူလုံစေရန် ငါးရစ်ငါးသန်ကာလ ငါးဖမ်းဆီးမှု မရှိစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ အမိန့်ကြော်ငြာစာ အမှတ် ၂/၉၂ ဖြင့် ငါးရစ်ငါးသန် ရာသီချိန်ဖြစ်သော မေလနှောင်းပိုင်းနှင့် ဇွန်၊ ဇူလိုင်လများတွင် ငါး လုပ်ငန်းဦးစီးဌာန၏ ခွင့်ပြုချက်မှ တစ်ပါး ငါးများဖမ်းဆီးခြင်းမပြုရန် တားမြစ်ထားသည်။

ယင်းအမိန့်ကြော်ငြာစာအား အင်းတော်ကြီးဒေသ၊ အင်းတော်ကြီးအင်း ပတ်လည် ကျေးရွာများရှိ ရေလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြသော ရေလုပ်သားများ သိရှိနိုင်ပါရန်နှင့် ငါးရစ်ငါးသန် ငါးများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း ၊ ဝယ်ယူစုဆောင်းခြင်း၊ ရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်းများ ပြုလုပ်နေကြောင်း စစ်ဆေး တွေ့ရှိပါက ကချင်ပြည်နယ်ရေချိုငါးလုပ်ငန်း ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။