Trending Now

ယခုနှစ်အတွင်း ကချင်ပြည်နယ်၌ သွေးလွန်တုပ်ကွေးရောဂါမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဟု ဆို

Spread the love

 
ယခုနှစ်အတွင်း ကချင်ပြည်နယ်၌ သွေးလွန်တုပ်ကွေးရောဂါမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဟု ဆို

EPN
မြစ်ကြီးနား၊ ဇူလိုင် ၂၄

ကချင်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၀၀ နီးပါးရှိပြီး သေဆုံးသူ ၂ဦးရှိခဲ့သည့်အတွက် ယခုနှစ် သွေးလွန်တုပ်ကွေးရောဂါမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ယခုနှစ် သွေးလွန်တုပ်ကွေးရောဂါကြောင့် အသက် ၇၀ကျော်အရွယ်၂ဦး သေဆုံးခဲ့ပြီး ရောဂါ ဖြစ်ပွားနေတဲ့သူ ၆၀၀ နီးပါးရှိနေတာကြောင့် ယခုနှစ် သွေးလွန်တုပ်ကွေးရောဂါမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း မြစ်ကြီးနားပြည်သူ့ဆေးရုံ အထူးကုသမားတော်ကြီး ဒေါက်တာနေဝင်းက ပြောဆိုသည်။

 
“အရင်နှစ်က ကျွန်တော်တို့ ဖျားနာဆောင်မှာ သွေးလွန်တုပ်ကွေးကြောင့်သေတဲ့သူမရှိဘူး၊ ဒီနှစ်ကတော့ အစဘဲရှိသေးတယ်၊ အရင်အပတ်က တစ်ယောက်သေတယ် အခုအပတ် တစ်ယောက်သေတယ် ဒီနှစ်ရောဂါပိုးက သေတဲ့ပိုး ဖြစ်တဲ့အတွက် ထပ်ပြီးသေဆုံးတာတွေဖြစ်လာနိုင်တယ်”ဟု ၎င်းက ပြောသည်။

သွေးလွန်တုပ်ကွေးကြောင့်သေဆုံးသူများမှာ မော်ဖောင်းကျေးရွာနှင့် ကာမိုင်းမြို့မှ ဖြစ်ပြီး သေဆုံးသူများမှာ ၇၀ ကျော်အရွယ်များ ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့်ကျန်းမာရေးသတိရှိရန် လိုအပ်နေပြီးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ရောဂါဖြစ်လို့ ကျွန်တော်တို့ဘယ်လောက်ပဲကြိုးစားကြိုးစား သေသွားရင်အဆဲခံရမှာ ကျွန်တော်တို့ပဲ တစ်ကယ်တမ်း ဒီလိုတွေဖြစ်နေပါပြီး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ကျပါ ပိုးလောက်လန်းတွေရှင်းကြပါဆိုတော့ ဘယ်သူမှ လာနားမထောင်ဘူး စိတ်လဲမဝင်စားကြဘူး”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ယခင်နှစ်များတွင် သွေးလွန်တုပ်ကွေးရောဂါမှာ အသက်၁၂ အောက်အရွယ်ကလေးများတွင်သာ အဖြစ်များပေမဲ့ ယခုနှစ် မြစ်ကြီးနားဆေးရုံးတွင် လာရောက်ကုသနေသည့်လူနာများတွင် ၁၂ အထက် လူကြီးအများစု ဖြစ်ပေါ်နေကြောင်း မြစ်ကြီးနားဆေးရုံးအုပ် ဒေါက်တာဘုန်းမော်က ပြောသည်။

“အရင်တုန်းကဆိုရင် ကလေး ကုသရေးဆောင်မှာ သွေးလွန်တုပ်ကွေး လူနာတွေ အများဆုံးကုသရတယ် အခုနှစ်ကတော့ ၁၂ နှစ်အထက် လူကြီးအဖြစ်များ လာတဲ့အတွက် ဖျားနာကုသဆောင်မှာလည်း သွေးလွန်တုပ်ကွေး လူနာတွေပို များလာတာလည်း ရှိပါတယ်” ဟု၎င်းက ဆိုသည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများလာသည့်အတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကြိုတင် ကာကွယ်ရေးဖြစ်သည့် ပိုးလောက်လန်းနှိမ်နှင်းရေးများ၊ ခြင်နှိမ်နှင်းရေးများကို စုပေါင်း လုပ်ဆောင် လျက်ရှိပြီး လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ သွေးလွန်တုပ် ကွေးရောဂါနှိမ်နှင်းရေးလုပ်ငန်းများကို ပူးပေါင်း လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

သွယ်သွယ်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။