Trending Now

ကျောင်းသားကျောင်းသူများအတွက် နွေရာသီ အခြေခံ အားကစားသင်တန်း၊ အားကစားနည်း ၁၉ မျိုးကို အခမဲ့သင်ကြားပို့ချသွားမည်

Spread the love

ကျောင်းသားကျောင်းသူများအတွက် နွေရာသီ အခြေခံ အားကစားသင်တန်း၊ အားကစားနည်း ၁၉ မျိုးကို အခမဲ့သင်ကြားပို့ချသွားမည်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၂

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကာ ကျောင်းပိတ်ရက် နွေရာသီအခြေခံ အားကစားသင်တန်း၊ အားကစားနည်း ၁၉ မျိုးကို မတ်လပိုင်းခန့်မှ စတင်ကာ အခမဲ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

ကျောင်းသူ/သားများ ကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ အားကစားကို လိုက်စားခြင်းဖြင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကို တိုက်ဖျက်ရန်၊ မျိုးဆက်သစ် မီးခဲပြာဖုံးကစားသမားများ ပေါ်လာစေရန်၊ကချင်ပြည်နယ်၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုက လူငယ်တွေပေါ်မှာ အများကြီးမူတည်တယ်၊ အခုလို ကျောင်းသားလူငယ်လေးတွေအတွက် သင်တန်းလေးတွေ ဖွင့်ပေးတော့ မူးယစ်ဆေးဝါးဘက်ကို စိတ်မရောက်တော့ဘဲ မူးယစ်တိုက်ဖျက်ရေးမှာလဲ အကျိုးရှိလာမယ်၊ နောက်ပြီး အခုလို သင်တန်းတွေကနေ မျိုးဆက်သစ်တွေ ပေါ်ထွက်လာနိုင်တယ်၊ သင်တန်းတွေကနေ ထူးချွန်တဲ့အားကစားသမားတွေကို မွေးထုတ်ပြီး ပြည်နယ် ရဲ့ အားကစားကဏ္ဍ မြှင့်တင်နိုင်မှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းများမှ ထူးချွန်သည့်မျိုးဆက်သစ်အားကစားသမားများကို ရွေးထုတ်ကာ အဆင့်မြင့် သင်တန်းများ ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး ထိုမှတစ်ဆင့် အားကစားနှင့်ကာယပညာ သိပ္ပံသို့ တက်ရောက်လေ့ကျင့်နိုင်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။

“ကလေးငယ်တွေက ငယ်ငယ်လေးထဲက အခုလို သင်တန်းတွေတက်ပြီး လေ့ကျင့်သင်ကြားပေးထားရင် တစ်ချိန်မှာ ထူးချွန်တဲ့ အားကစားသမားတွေဖြစ်လာနိုင်မှာဖြစ်တယ်၊ နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်တွေမှာ အခုလို အခမဲ့ အားကစားသင်တန်းတွေ ဖွင့်ပေးတော့ အခုလက်တွေ့မှာ ကြုံတွေနေရတဲ့ ကလေးငယ်တွေ ဖုန်းတွေသုံးတာ၊ ဂိမ်းတွေကစားတာ ဒါမျိုတွေမှာ စိတ်ဝင်စားမှုလျော့သွားမှာဖြစ်တယ်” ဟု ကျောင်းသားမိဘတစ်ဦးကပြောသည်။

ဖွင့်လှစ်သွားမည့် သင်တန်းများမှာ ဘောလုံးသင်တန်း၊ ပြေးခုန်ပစ်သင်တန်း၊ တင်းနစ်သင်တန်း၊ မြန်မာ့သိုင်းသင်တန်း၊ လက်ဝှေ့သင်တန်း၊ ရိုးရာလက်၊ ဝှေ့သင်တန်း၊ ရိုးရာခြင်းလုံးသင်တန်း၊ ပိုက်ကျော်ခြင်းသင်တန်း၊ ကရာတေးသင်တန်း၊ တိုက်ကွမ်ဒိုသင်တန်း၊ ဂျူဒိုသင်တန်း၊ ဝူရှူးသင်တန်း၊ စားပွဲတင်တင်းနစ်သင်တန်း၊ ကြက်တောင်သင်တန်း၊ ဘော်လီဘောသင်တန်း၊ ရေကူးသင်တန်း၊ ဘတ်စကက်ဘောသင်တန်း၊ အေရိုးဗစ်သင်တန်းတို့ဖြစ်ကာ မတ်လ (၇)ရက်နေ့မှ ဧပြီလ (၇)ရက်နေ့ အထိ တစ်လကြာ သင်ကြားပို့ချသွားမည်ဟု သိရသည်။

အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းသူသားများ၊ သင်တန်းကိုတက်ရောက်နိုင်ဖို့အတွက် သက်ဆိုင်ရာကျောင်းများကို ကြိုတင်အကြောင်းကြားခြင်း၊ လမ်းများတွင် ကြော်ငြာဗီနိုင်းများထောင်ခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။