Trending Now

ပုသိမ်မြို့တွင် ယာကွမ်းရွက်သန့် တစ်ပိဿာလျှင် ၇၅၀၀ ကျပ် အထိ ဈေးကောင်းနေ

Spread the love

ပုသိမ်မြို့တွင် ယာကွမ်းရွက်သန့် တစ်ပိဿာလျှင် ၇၅၀၀ ကျပ် အထိ ဈေးကောင်းနေ

EPN
ပုသိမ်၊ မတ်လ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှ စတင်၍ ယာကွမ်းရွက်သန့် တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ အထိ ဈေးတက် လာကြောင်း ပုသိမ်မြို့နယ်ရှိ ကွမ်းရွက်ပွဲရုံများထံမှ သိရသည်။

ပုသိမ်မြို့နယ်တွင် အောက်တိုဘာလမှ ဖေဖော်ဝါရီလ ဒုတိယ အပတ်အထိ ရောရာ ကွမ်းရွက် တစ်ပိဿာလျှင်ငွေကျပ် ၃၈၀၀ မှ ၄၈၀၀၊ ယာကွမ်းသန့် တစ်ပိဿာလျှင် ၅၅၀၀ အထိသာ ရှိခဲ့သော်လည်း လက်ရှိ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှ စတင်၍ ရောရာကွမ်း တစ်ပိဿာလျှင် ငွေကျပ် ၄၅၀၀ မှ ၅၀၀၀နှင့် ယာကွမ်းသန့် တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ အထိ ဈေးကောင်းလာကြောင်း သိရသည်။

ထိုသို့ ကွမ်းရွက်ဈေးနှုန်းများ ကောင်းလာခြင်းသည် ဒေသထွက် ကွမ်းရွက်များ ယခုနှစ်အထွက်နှုန်းလျော့ ကြလာခြင်းနှင့် အခြားဒေသများက ကွမ်းများဝင်ရောက်မှု နည်းနေခြင်းကြောင့် ဖြစ်သည်ဟု ပုသိမ်မြို့ရှိကွမ်းပွဲရုံလုပ်ရှင်များထံမှ သိရသည်။

”ကိုဗစ်ကြောင့် ရပ်နားခဲ့သော ကွမ်းစိုက်ပျိုးရေး လုပ်ငန်းတွေ ပြန်မလုပ်နိုင်သေးတာကြောင့်နဲ့ စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လုပ်ကိုင်သူတွေရဲ့ကွမ်းခြံ တွေကလည်း ယခုနှစ်ကွမ်းအရွက်အထွက်လျော့ကျနေခြင်းကြောင့် အခုလို ဈေးကောင်းလာတာဖြစ်ပါတယ်။ ဒါ့အပြင် တွံတေးဒေသထွက်သော ကွမ်းဝါနုများကလည်း ယခုနှစ်ဝင်ရောက်လာမှု နည်းနေတာကြောင့် အခုလို ဈေးက ပြန်လည်ကောင်းလာတာဖြစ်ပါတယ်။ ယာကွမ်း တစ်ပိဿာကိုမှ ငွေကျပ် ၇၅၀၀ အထိပေါက်ဈေးရှိနေပါတယ်။ ကွမ်းအရောင်းအဝယ်ကတော့ သွက်နေပါတယ်။ ဒေသထွက်ကွမ်းရွက်များက သန့်တော့လူကြိုက်များ ပါတယ်။ ကွမ်းရွက် မှာကုန်တွေလည်း ပုံမှန်ရှိနေပါတယ်။ အလှူငွေ ပွဲလမ်းသဘင်တွေမှာကလည်း ကွမ်းကို အဓိက တည်တော့ ရောင်းအားက တက်နေတယ်။ ”ဟု ပုသိမ်မြို့ရှိ ကုန်စိမ်းဈေးကွက်မှ ကွမ်းပွဲရုံပိုင်ရှင် ဦးဇော်ထက်က ပြောသည်။

ပုသိမ်မြို့နယ်တွင် ကွမ်းရွက်ဈေးနှုန်း ကောင်းလာသဖြင့် ကွမ်းစိုက်ပျိုးသူများ အဆင်ပြေနေပြီး ရပ်နားထားသည့် ကွမ်းစိုက်ပျိုးရေးလုပ်ငန်းရှင်များလည်း ပြန်လည်စိုက်ပျိုးလုပ်ကိုင်ရန် ပြင်ဆင်နေကြောင်း၊ ပုသိမ်မြို့နယ်က ဒေသထွက်ကွမ်းရွက်များ ဒေသပွဲရုံများက တစ်ဆင့်အနယ် အရပ်ရပ်ကို တင်ပို့ရောင်းချနေကြကြောင်း သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။