Trending Now

ဧရာဝတီတိုင်းဒေသကြီးတွင် သဘာဝမျှော့များ ယခင်ထက် ဈေးနှစ်ဆနီးပါးဖြင့် အရောင်းအဝယ်ဖြစ်နေ

Spread the love

ဧရာဝတီတိုင်းဒေသကြီးတွင် သဘာဝမျှော့များ ယခင်ထက် ဈေးနှစ်ဆနီးပါးဖြင့် အရောင်းအဝယ်ဖြစ်နေ

EPN
ဧရာဝတီ၊ ဇူလိုင် ၃

တရုတ်တိုင်းရင်းဆေး ဖော်စပ်ရာတွင် အသုံးပြုသည့် ဧရာဝတီတိုင်းဒေသကြီးမှ သဘာဝမျှော့များ ယခုနှစ်တွင် ယခင်ထက် ဈေးနှုန်းနှစ်ဆနီးပါးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးရှိ မျှော့ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

အဆိုပါ သဘာဝမျှော့ အရောင်းအဝယ်လုပ်ငန်းသည် မိုးတွင်းကာလဖြစ်သည့် ဇွန်လမှ စက်တင်ဘာလအထိသာလုပ်ကိုင်ကြရသည့် လုပ်ငန်းတစ်ခုဖြစ်ပြီးယခုနှစ်တွင် တရုတ်နိုင်ငံမှ ဝယ်ယူအားကောင်းလာသည့်အတွက် မျှော့တစ်ပိဿာလျှင် ငွေကျပ် ၆၇၀၀၀ အထိဈေးပေါက်နေပြီး၊ ယခင်နှစ်က တစ်ပိဿာငွေကျပ် ၃၅၀၀၀ အထိသာဈေးရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မျှော့ရှားပါးလာသည့်အတွက် ဈေးနှစ်ဆနီးပါး ရရှိနေခြင်းဖြစ်ကြောင်း သဘာဝမျှော့ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

” မျှော့ဈေးက တော်တော်ဈေးမြောက်နေတာ။ တရုတ်နိုင်ငံက ကုန်သည်တွေနဲ့ချိတ်ဆက်ပြီးကတည်းက ဝယ်ယူနေတာ။ ဇွန်လ ပထမပတ်ကနေ စတင်ဝယ်ယူနေတာပါ။ တရုတ်ဘက်က ဒီမျှော့တွေကို တိုင်းရင်းဆေးဖော်စပ်တဲ့နေရာမှာ အများဆုံးသုံးတာပါ။ အခုအချိန်က မိုးဦးကာလ ဆိုပေမယ့် ဒီနှစ်မျှော့က အရမ်းရှားနေပါတယ်။ မျှော့တွေရှားနေလို့လည်းဈေးကောင်းပြီး အရောင်းအဝယ် ကောင်းနေတာ။ အမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတာပေါ့ ” ဟု ၎င်းကပြောသည်။

အဆိုပါ သဘာဝမျှော့များသည် စပါးခင်းများ၊ မြစ်ရိုး၊ ချောင်းရိုးနှင့် ရွှံ့ညွံ မြေကြီးအောက်များတွင် ကျက်စားတတ်ပြီး စိုက်ပျိုးမြေများတွင် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲမှုများကြောင့်လည်း ရှားပါးလာတာဖြစ်ကြောင်း လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

” အဓိက ကျွဲ၊ နွားတွေနဲ့ လယ်ထွန်တဲ့ လယ်ကွက်တွေမှာ မျှော့က ပိုရရှိတတ်တယ်။ အရင်နှစ် ကျွန်မတို့ ဖမ်းတဲ့သူတွေတစ်ရက် တစ်ပိသာအထိလောက်ပဲ ရရှိတယ်။ အခုနှစ်မှာတော့ ၁၀ သား၊ ၂၀ သား ရအောင် မနည်းရှာနေရတယ်။ မျှော့ကို မြစ်ချောင်းတွေမှာ လူကိုယ်တိုင်ရှာဖွေတဲ့သူရှိသလို အချို့ကျတော့လည်း မြစ်၊ ချောင်း၊ အင်း၊ အိုင်ထဲကို ကျွဲ၊ နွား၊ တိရိစ္ဆာန် မောင်းချပြီး လာတွယ်တဲ့မျှော့ကို တဆင့်ဖြုတ်ပြီး ရှာကြတာလည်း ရှိတယ် ” ဟု ၎င်းကဆက်ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် သဘာဝမျှော့များကို တရုတ်ပြည်သို့ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတဆင့် တင်ပို့ရောင်းချနေတာဖြစ်ပြီး၊ တရုတ်နိုင်ငံတွင် သဘာဝမျှော့များကိုအခြောက်လှန်းကာ နှလုံးသွေးကြော ကျဉ်းရောဂါ ဆေးဝါးများ၊ အကြောအားတိုးဆေးများနှင့် အာရုံကြောအားတိုးဆေးများစသည့် တိုင်းရင်းဆေးများဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။