Trending Now

မြစ်ကြီးနားမြို့တွင် လိမ္မော်သီးစျေးနှုန်း နှစ်ဆခန့်မြင့်တက်နေသော်လည်း ဝယ်ယူသူများပြားလျက်ရှိ

Spread the love

မြစ်ကြီးနားမြို့တွင် လိမ္မော်သီးစျေးနှုန်း နှစ်ဆခန့်မြင့်တက်နေသော်လည်း ဝယ်ယူသူများပြားလျက်ရှိ

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာလ ၈

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယခုနှစ်ဆောင်းရာသီကာလ ရာသီပေါ်သီးနှံဖြစ်သည့် လိမ္မော်သီးစျေးနှုန်းမှာ ယခင်နှစ်ထပ် ၂ ဆခန့် မြင့်တက်နေသော်လည်း ဝယ်ယူသူများပြားလျက် ရှိကြောင်း လိမ္မော်သီးရောင်းချနေသူများထံမှ သိရသည်။

ယခင်နှစ်များတွင် လိမ္မော်သီး တစ်လုံးလျှင် ကျပ် ၂၀၀မှ ၃၀၀ အထိသာရှိသော်လည်း ယခု ၂၀၂၂ ခုနှစ်တွင် လိမ္မော်သီး တစ်လုံးလျှင် ကျပ် ၅၀၀ မှ ၆၀၀ ထိ ရောင်းချနေရကြောင်း မြစ်ကြီးနားမြို့ ကမ်းနားလမ်းတွင် လိမ္မော်သီးရောင်းချနေသူ တစ်ဦးကပြောသည်။

” ဒီနှစ်က ဆိုင်တော်တော်များများမှာလဲ ၅၀၀ တန်၊ ၃၀၀ တန် ၂၀၀ တန် ဆိုပြီးရောင်းချနေကြတယ်၊ မနှစ်က စျေးက ၅၀၀တန်ဆို ၃၀၀ လောက်ပဲရှိတာ ၊ မနှစ်က ကိုဗစ်လဲ ဖြစ်နေတော့ အပြင်မထွက်ကြဘူး ပွဲတွေ အခမ်းအနားတွေ မရှိတော့ အဝယ်ပါးနေခဲ့တယ်၊ အခုနှစ်က ဝယ်ကြတယ် ၊ ဒီဇင်ဘာလ ဆိုတော့ ပွဲလမ်းတွေရှိတော့ ဝယ်ကြတယ်၊ မနှစ်ကထပ်စျေးတက်ပေမဲ့ ဝယ်ယူသူတွေက မနှစ်ကထပ်များတယ်။ ” ဟု ၎င်းကပြောသည်။

လက်ရှိ နိုင်ငံရေးအခြေအနေများကြောင့် လမ်းခရီးနှောက်နှေးခြင်း၊ ကုန်သွယ်စီးဆင်းမှ လျော့နည်းလာခြင်းများကြောင့်လည်းကောင်း၊ ဓာတ်ဆီစျေးများ မြင့်တက်လာခြင်းကြောင့် သယ်ယူစရိတ်များမြင့်တက်လာခြင်းကြောင့် လိမ္မော်သီးစျေးနှုန်းများမှာ မြင့်တက်လာရခြင်းဖြစ်ကြောင်း လိမ္မော်သီးရောင်းချသူများထံမှ သိရသည်။

မြစ်ကြီးနားမြို့အတွင်းရောင်းချလျှက်ရှိသည့် လိမ္မော်သီးများမှာ မန်ဒေါင် ၊ လဝါး ဘက်မှ တင်ပို့သည့် လိမ္မော်သီးများဖြစ်ပြီး တနိုင်းဘက်က တင်ပို့သည့် လိမ္မော်သီးများလည်း ရှိကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။