Trending Now

မိုးရာသီကာလ ရေကြီးရေနစ်မြုပ်မှုများဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်ပြင်ဆင်ထားရှိ

Spread the love

မိုးရာသီကာလ ရေကြီးရေနစ်မြုပ်မှုများဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်ပြင်ဆင်ထားရှိ

EPN
မြစ်ကြီးနား၊ ဇူလိုင် ၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ယခုနှစ်မိုးရာသီကာလ ရေကြီးရေနစ်မြုပ်မှုများ ဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ အလျှင်အမြန် ဆောင်ရွက်နိုင်ရန်အတွက် အသင့်ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း မြစ်ကြီးနားခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

နှစ်စဉ် မြစ်ရေဝင်ရောက်လျက်ရှိသော မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ကြက်ပေါင်ခြံ၊ ရမ်ပူ၊ အောက်လယ်ကုန်း ရပ်ကွက်များတွင် စပိဘုတ်များ၊ Fire ဘုတ်များ ၊ ဘောကွင်းများ၊ သက်ကယ်အိင်္ကျီများ၊ သက်ကယ်လှေများ စသည့် ကယ်ဆယ်ရေးပစ္စည်းများ အသင့် ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း မြစ်ကြီးနားခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့အနေနဲ့ ရပ်ကျေး အုပ်ချုပ်ရေးက တာဝန်ရှိသူတွေ၊ စိတ်ပါဝင်စားကြတဲ့ လူမှုပရဟိတအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ရေဘေးဖြစ်လာရင် အမြန်ဆုံးကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ရေဝင်ရောက်နေကြဖြစ်တဲ့ မြေနိမ့်ပိုင်း ရပ်ကွက်တွေမှာ စပိဘုတ်၊ Fire ဘုတ်တွေနဲ့ စက်အသင့်၊ လူအသင့် ပြင်ဆင်ထားရှိပြီး ကယ်ဆယ်ရေးမှာအသုံးပြုတဲ့ ဘောကွင်းတွေ၊ သက်ကယ် အိင်္ကျီတွေ စတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကိုလည်း ထားရှိပြီးဖြစ်တယ် ” ဟု ၎င်းကပြောသည်။

အလားတူ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရမ်ပူ၊ ကြက်ပေါင်ခြံ၊ ဒူကထောင်၊ အေးစေတီ၊ လယ်ကုန်း စသည့်ရပ်ကွက် ၅ ရပ်ကွက်တွင်လည်း ရေဘေးအန္တရာယ်အသိပညာပေးရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယမန်နှစ် ၂၀၂၂ ခုနှစ်အတွင်းက ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၂၀ ခန့်ကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။