Trending Now

၂၀၂၃-၂၄ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများကို မေလ ၂၃ ရက်နေ့မှ စ၍ ကျောင်းအပ်လက်ခံမည်

Spread the love

၂၀၂၃-၂၄ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများကို မေလ ၂၃ ရက်နေ့မှ စ၍ ကျောင်းအပ်လက်ခံမည်

EPN
မြစ်ကြီးနား၊ မေ ၁၇

၂၀၂၃-၂၄ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများကို မေလ၂၃ ရက်နေ့မှစ၍ သက်ဆိုင်ရာ အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံမည် ဖြစ်ကြောင်း ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

မေလ ၂၃ ရက်နေ့မှ စတင်၍ မြန်မာတစ် နိုင်ငံလုံး အတိုင်းအတာနှင့် ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းအပ်လက်ခံပေးမည်ဖြစ်ပြီး မေလ ၂၅ ရက်နေ့တွင် ကျောင်းအပ်နှံရေးနေ့အဖြစ် အခမ်းအနား ပြုလုပ်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

” ဒီနှစ်မှာ တော့ ကျောင်းအပ်နှံရေး ရက်ကို မေလ၂၃ ကနေ ၃၁ ရက်နေ့ အထိ လက်ခံပေးသွားမယ်။ ၉ရက်တာကာလ နဲ့ပေါ့။ ကျောင်းသား မိဘတွေ အနေနဲ့ မေ ၂၃ ရက်နေ့ကစပြီး အခြေခံပညာအထက်တန်းကျောင်း အားလုံးမှာ ကျောင်းအပ်လက်ခံပေးမှာ ဖြစ်တယ် ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ကျောင်းအပ်နှံမှုတွင် ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော် အစိုးရက စာရေးကရိယာများ ဖြစ်သည့် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် အဖြူ၊ အစိမ်း ကျောင်းဝတ်စုံများကို KG တန်းမှ Grade 10 အထိ အခမဲ့ ပေးဆောင်သွားမှာဖြစ်ပြီး ကျောင်းအပ်နှံခ ပေးဆောင်ရန် မလိုကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း၌ ပြီးခဲ့သည့် ပညာနှစ်ပိုင်းကစ၍ ကျောင်းသား၊ ကျောင်းသူ ဦးရေ တိုးမြင့်လာကြောင်း သိရပြီး၊ ပြည်နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းအားလုံး နီးပါး ဖွင့်လှစ် ပညာသင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း အခြေခံပညာရေး စာသင်ကျောင်းများဖြစ်သော မူလတန်းကျောင်း၊ မူလွန်ကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်း စုစုပေါင်း ၁၅၅၈ ကျောင်းရှိကြောင်း ကချင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။