Trending Now

ယခုရက်ပိုင်းအတွင်း Online ငွေလိမ်လည်မှု များစွာဖြစ်ပေါ်နေ

Spread the love

ယခုရက်ပိုင်းအတွင်း Online ငွေလိမ်လည်မှု များစွာဖြစ်ပေါ်နေ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၆ (၂၀၂၄)

ယခုကဲ့သို့ နိုင်ငံရေးမတည်ငြိမ်သည့်ကာလ၊ အများပြည်သူ စီးပွားရေးကျဆင်းနေသည့် ကာလအတွင်း Online Bussines ဟု အမည်ခံကာ online ငွေလိမ်လည်မှုများ ဖြစ်ပေါ်နေကြောင်း မြစ်ကြီးနားမြို့ခံ online အသုံးပြုသူများထံမှ သိရသည်။

Social Media (အင်တာနက် စာမျက်နာ) ကိုအသုံးပြုကာ တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုရယူပြီး online bussines ပြုလုပ်ရန် မက်လုံးများပေးကာ ငွေလိမ်လည်မှုများကို ပြုလုပ်နေကြောင်း မြစ်ကြီးနားမြို့နေ online ငွေလိမ်လည် ခံခဲ့ရသူတစ်ဦးကပြောသည်။

” ဆိုရှယ်ပလက်ဖောင်းကနေ လာပြီးစကားပြောတယ်။ စစချင်းက ဒီတိုင်းမိတ်ဆွေဖွဲ့သလို ပြောတယ်၊ အဲ့ကနေ တစ်ပတ်လောက်ကြာ အတော်လေးရင်းနီးလာပြီဆိုရင် သူနဲ့အတူ အွန်လိုင်းစီးပွားရေးလုပ်ဖို့ မြှူဆွယ်တယ်။ ဒါတင်မကဘူး screenshots တွေနဲ့ အမြတ်ဘယ်လိုရလဲဆိုတာတွေပြပြီး မက်လုံးပေးတယ်။ ဒီလိုကနေ လိမ်လည်သွားတာဖြစ်တယ် ” ဟု ၎င်းကပြောသည်။

ယင်ကဲ့သို့ လိမ်လည်မှုများမှာ ကျွမ်းကျင်စွာအင်တာနက် မသုံးတတ်သည့် သက်ကြီးပိုင်းလူကြီးများ၊ online bussines ကို နားမလည်သည့် ပြည်သူများကို အဓိကထားပြီး စီးပွားရေးလုပ်ငန်းကို အကြောင်းပြု၍ လိမ်လည်နေခြင်းဖြစ်ကြောင်း သိရသည်။

” သူတို့ အဓိက ပစ်မှတ်တွေထားတာက သက်ကြီး စီးပွားရေးလုပ်ချင်နေတဲ့ သူတွေကို အဓိကထားတယ်။ နောက်ပြီး အွန်လိုင်းစီးပွားရေးတွေကို အဓိကထားပြီး ဒီလိုအွန်လိုင်းစီးပွားရေး လုပ်ချင်ရင် သင်ပေးတယ်၊ သင်တန်းကြေးနဲ့ အလုပ်အတွက် သိန်း၂၀ ဆိုပြီးတောင်းတယ်။ စစချင်းတော့ အမြတ်လိုလိုနဲ့ ပေးပေမယ့် နောက်ပိုင်း အမြတ်များများ လိုချင်လာတော့ အရင်းအနှီး များများထည့်ကြတယ်။ ဒီလိုအခြေအနေတွေကနေပဲ လိမ်လည်နေကြတယ် ” ဟု မြစ်ကြီးနားမြို့နေ မြို့မိမြို့ဖတစ်ဦးက ပြောသည်။

၎င်းအပြင် ကျေးလက်ရပ်ရွာများတွင်လည်း ကုမ္ပဏီမှဟုဆိုကာ ပစ္စည်းများ မဲဖောက်ပေးကာ ပေါက်မဲအတိုင်း ပစ္စည်းများကို အတင်းအကြပ် ဝယ်ယူခိုင်းသည့် လိမ်လည်မှုများလည်း မြစ်ကြီးနားမြို့အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

” နေအိမ်တွေအထိ ဝင်ခွင့်တောင်းဝင်လာတယ်။ အိမ်ကလူတွေနဲ့ ရင်းနှီးအောင်လုပ် သူတို့ကုမ္ပဏီအကြောင်းပြောပြီး အခမဲ့ ပစ္စည်းတစ်ခုပေးပြီး မဲနှိုက်ခိုင်းတယ်။ ပေါက်မဲကျတာနဲ့ အဲ့ပေါက်မဲ နံပါတ်အတိုင်း သူတို့ပစ္စည်းတွေကို အတင်း ဝယ်ခိုင်းတယ်။ ပေါက်မဲပစ္စည်းတွေကလည်း တစ်သိန်းကျော် နှစ်သိန်းနီးပါး ပစ္စည်းတွေဖြစ်တယ် ” ဟု နန်းကွေ့ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိကာလအတွင်း မြင်တွေ့နေရသည့် လိမ်လည်မှုများမှာ online shop၊ online ချေးငွေ၊ online ရွှေစျေးကစားခြင်း၊ online ဒေါ်လာကစားခြင်း စသည့် website များ၊ အပလီကေးရှင်းများဖြင့် လိမ်လည်နေကြကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။