Trending Now

မြစ်ကြီးနားတွင် စားအုန်းဆီတစ်ပိဿလျှင် ၇၅၀၀ အထိ ဈေးမြင့်တက်လာမှုကြောင့် ပြည်သူများအခက်ကြုံ

Spread the love

မြစ်ကြီးနားတွင် စားအုန်းဆီတစ်ပိဿလျှင် ၇၅၀၀ အထိ ဈေးမြင့်တက်လာမှုကြောင့် ပြည်သူများအခက်ကြုံ

EPN
မြစ်ကြီးနား ၊မတ် ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း၌ စားအုန်းဆီဈေးနှုန်း အဆမတန်မြင့်တက်လာမှုကြောင့် ဝယ်လိုအားကျဆင်းလာပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းအချို့ ရပ်နားထားရသည့် အခြေအနေများနှင့် ကြုံတွေ့နေရကြောင်း စားသုံးဆီ ရောင်းဝယ်ရေးလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

“ပြည်ပက မှာယူရောင်းချနေရတဲ့ စားအုန်းဆီကတော့ လက်ရှိမှာ ဈေးနှုန်းမြင့်တက်လာတော့ ဝယ်လိုအားကျဆင်းလာတယ်။အရင် ၁၀ပိသာ တစ်ခါတည်းဝယ်နိုင်တဲ့သူက အခုဆို ၁ပိသာ၊၂ပိသာလောက်ပဲ ခွဲဝယ်လာကျတယ်။ ဈေးဆိုင်သမားတွေဆိုလည်း အရင်လို ဝယ်မစုထားနိုင်တော့ဘူး။တစ်ခါရောင်းကုန်မှ တစ်ခါဝယ်နိုင်တဲ့ အခြေအနေ ဖြစ်နေတယ် “ဟု ၎င်းကရှင်းပြသည်။

အလားတူ စားအုန်းဆီအသုံးပြု၍ တပိုင်တနိုင်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် စားအုန်းဆီ ဈေးနှုန်းမြင့်တက်လာသည့်အတွက် လုပ်ငန်းတချို့ ခေတ္တရပ်နားမှုများရှိလာပြီး အခြားလုပ်ငန်းသို့ ပြောင်းလဲလုပ်ကိုင်မှုများရှိလာကြောင်း သိရသည်။

“ကုန်ဈေးနှုန်း‌တွေ မြင့်လာတော့ အရင်လိုအဆင်မပြေဘူးပေါ့။ အခုဆို ကျွန်မတို့ အကြော်ဆိုင်လေးကိုလည်း ပိတ်ထားရတယ်။ စားအုန်းဆီဈေးမြင့်တက်လာလို့ စားသုံးသူအဖို့လည်း အဆင်မပြေဘူး။ ရောင်းသူအနေနဲ့လည်း အဆင်မပြေဘူး။ အဲ့တာကြောင့် ဆိုင်လေးကိုပိတ်လိုက်တာဖြစ်တယ်”ဟု ဆီ‌ကြော်လုပ်ငန်းလုပ်ကိုင်သည့် ဆိုင်ရှင်တစ်ဦးကပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်း စားအုန်းဆီ တစ်ပိဿလျှင် ၃၇၀၀ မှ ၄၀၀၀ ဝန်းကျင်အထိသာရှိခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ဈေးနှုန်းမြင့်တက်လာမှုကြောင့် ပြည်တွင်း၌ စားအုန်းဆီ ၁ပိသာလျှင် ၇၅၀၀ကျပ်မှ ၈၅၀၀ကျပ်အထိ စံချိန်တင်မြင့်တက်နေခြင်းဖြစ်သည်။

ယင်းသို့ စားအုန်းဆီဈေးနှုန်းမြင့်တက်မှုကြောင့် ပြည်တွင်းထွက်ကုန်များဖြစ်သည့် ပဲဆီ၊ နှမ်းဆီ၊ မုန်ညှင်းဆီ ဈေးနှုန်းများမှာလည်း အနည်းငယ်မြင့်တက်မှုများရှိလာကြောင်း စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။