Trending Now

ဗန်းမောက်မြို့နယ် ခမ်းပတ်တောင်ရှိ အေးငြိမ်းဓနကျောက်ရွှေသတ္တုတူးဖေါ်ရေး ကုမ္ပဏီ ဒုတိယအကြိမ် ဓါးပြတိုက်ခံရပြန်

Spread the love

ဗန်းမောက်မြို့နယ် ခမ်းပတ်တောင်ရှိ အေးငြိမ်းဓနကျောက်ရွှေသတ္တုတူးဖေါ်ရေး ကုမ္ပဏီ ဒုတိယအကြိမ် ဓါးပြတိုက်ခံရပြန်
EPN
ဗန်းမောက်၊ ဖေဖေါ်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် မံကပ်ကျေးရွာအုပ်စု ကော်တာရွာကျေးရွာအနီး ခမ်းပတ်တောင်ပေါ်တွင် ကျောက်ရွှေသတ္တုတူးဖေါ်နေသောအေးငြိမ်းဓန ကုမ္ပဏီအား ဖေဖေါ်ဝါရီ၂၃ရက် နံနက် ၂ နာရီ အချိန်က ဒုတိယအကြိမ် ဓားပြတိုက်ခံလိုက်ရကြောင်း ရွှေတူးဖော်ရေး လုပ်ကိုင်နေသူတစ်ဦးထံမှ သိရသည်။
ဖြစ်စဥ်မှာ ဖေဖော်ဝါရီ (၂၃)ရက်နေ့ နံနက် (၂) နာရီကျော်အချိန်ခန့်တွင် လူ (၂၅) ဦးခန့် ပါဝင်သည့် ဓါးရှည်များ ကိုင်ဆောင်လာသူများက အေးငြိမ်းဓန ကုမ္ပဏီဝင်းအတွင်းသို့ ဝင်ရောက်လာပြီး ရွှေပါသည့် ကျောက်အိတ် (၂၅) အိတ်နှင့် အခြားရွှေချက်လုပ်သော ပစ္စည်းများ စုစုပေါင်း ခန့်မှန်းတန်းဘိုးသိန်း (၁၀၀၀)ကျော်အား ဓားပြတိုက်ယူသွားကြောင်း သိရသည်။
“သူတို့တော်တော်လေး ယူသွားကြတယ်။ လည်ပင်းကို ဓားနဲ့ ထောက်ထားကြတာ လှုပ်ရင်သတ်မယ်လို့ပြောတာ၊ အော်ရဲအော်ကြည့် အော်ရင်သတ်မယ်” လို့ ဓားပြတိုက်ခံရသည့် ကုမ္ပဏီ ဝန်ထမ်းတစ်ဦးက ပြောပြသည်။
ယခုဓားပြတိုက်မှုတွင်လည်း ဖေဖော်ဝါရီလ (၆)ရက်နေ့ ဓားပြတိုက်ခံရသည့်အတိုင်း သိန်းတစ်ထောင်ဝန်းကျင် ဆုံးရှုံးခဲ့ပြီး ပထမတစ်ကြိမ်က ဓားပြတိုက်သည့် သူများ ဦးဆောင် ပါဝင်လာကြောင်း သိရသည်။
“အဲ့ဒီလို အုပ်စုလိုက်နဲ့ ဓါးပြလာတိုက်မယ်ဆိုရင် တစ်မျှောလုံးပေါင်း ပြန်ချရင်တောင် မနိုင်နိုင်ဘူး၊ ကျွန်တော်တို့ သွားလာနေထိုင်ရေး၊ လုပ်‌ကိုင်စားသောက်ရေးအတွက် စိုးရိမ်နေကြတယ်” ဟု ဒေသခံများက ဆိုသည်။
ယင်းကဲ့သို့ အုပ်စုဖြင့် ဓားပြတိုက်နေမှုများကြောင့် အဆိုပါဒေသတွင် ရွှေမျှောလုပ်ကိုင်နေသူများနှင့် ဒေသခံတွေအကြား စိုးရိမ်စိတ်များ မြင့်တက်နေကြသည်။
လှိုင်ဘွား

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။