Trending Now

မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူပေါင်း ၁၈ သန်းကျော် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လိုအပ်လျက်ရှိ

Spread the love

မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူပေါင်း ၁၈ သန်းကျော် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လိုအပ်လျက်ရှိ

EPN
ရန်ကုန်၊ မတ် ၄ (၂၀၂၄)

၂၀၂၄ ခုနှစ်အတွင်း၌ မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူပေါင်း ၁၈ ဒဿမ ၆ သန်းသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိသည်ဟု UNOCHA Myanmar က ထုတ်ပြန်ခဲ့သည်။

၎င်းအပြင် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်း၊ ပဋိပက္ခနှင့် မလုံခြုံမှုများ၊ အရပ်သားဘေးကင်းလုံခြုံရေးနှင့် အကာအကွယ်ရရှိမှု အန္တရာယ်များကြားတွင် ရှင်သန်နိုင်ရန်လည်း ရုန်းကန်နေရဆဲ ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းတို့ အပါအဝင် နိုင်ငံတစ်ဝှမ်း၌ ဖြစ်ပွားလျက်ရှိသည့် စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးတိမ်းရှောင်နေရသူပေါင်းမှာလည်း ၂ ဒဿမ ၇ သန်းကျော် ရှိနေဆဲဖြစ်ကြောင်း UNOCHA Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ရေးပဋိပက္ခများကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စျေးကြီးတစ်ခုအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ ဒေသခံအရပ်သားများ သေဆုံး၊ ဒဏ်ရာရခဲ့ကြကာ ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ပြီး စစ်ရေးပဋိပက္ခများ ပြန်လည်ဖြစ်ပွားခဲ့၍ ရေလမ်း၊ ကားလမ်းများ ပိတ်ထားရာ ဒေသခံများတွင် စားနပ်ရိက္ခာ ရှားပါးမှုနှင့် ကုန်စည်ပစ္စည်း ပြတ်လပ်မှုများဖြစ်ပွားလျက်ရှိကာ အချို့ကုန်ပစ္စည်းများမှာလည်း ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။

၎င်းအပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၌ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် (၃)ဖွဲ့ကြားတွင် ယခင်အပတ်က အခတ်ရပ်စဲခဲ့ပြီးနောက် စစ်ရေးပဋိပက္ခများ မဖြစ်ပေါ်တော့ဘဲ တည်ငြိမ်အေးချမ်းလျက်ရှိသည်ဟု UNOCHA Myanmar က ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ တည်ငြိမ်အေးချမ်းလျက် ရှိသော်လည်း ဒေသခံများမှာ မြေမြှပ်မိုင်းအန္တရာယ်၊ လက်နက်ကိုင်အဖွဲ့များ၏ တပ်သားသစ်စုဆောင်းမှု၊ သီးခြားတင်းမာမှုများနှင့် သွားလာရေးကန့်သတ် ချက်များကို ကြုံတွေ့နေရဆဲဖြစ်ကာ လူသားချင်းကူညီစောင့်ရှောက်သူများအနေဖြင့်လည်း ၂၀၂၃ ခုနှစ်တွင် လူဦးရေ ၃ ဒဿမ ၂ သန်းကို အကူအညီများ ပံ့ပိုးနိုင်ခဲ့ပြီး၊ ရန်ပုံငွေ မပြည့်မီမှုနှင့်ကူညီခွင့် ကန့်သတ်ချက်များကြောင့် အပြည့်အဝ ကူညီပေးနိုင်ခြင်း မရှိခဲ့ကြောင်း UNOCHA Myanmar ကထုတ်ပြန်ခဲ့သည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။