Trending Now

ဆိုင်ကယ်ပြင်နေတဲ့ လူ ၁ ဦး လမ်းဘေးသစ်ပင် ပိလို့ သေဆုံး

Spread the love

ဆိုင်ကယ်ပြင်နေတဲ့ လူ ၁ ဦး လမ်းဘေးသစ်ပင် ပိလို့ သေဆုံး

EPN
မုံရွာ ၊ သြဂုတ် ၁

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ဘုန်းစိုးရပ်ကွက် ၊ သာစည်လမ်း ၊ သာစည်ဈေးအနီးက သက်တမ်းရင့် လမ်းဘေးသစ်ပင် ၁ ပင်ဟာ မနေ့ ဇူလိုင် ၃၁ ရက် နေ့လည်ပိုင်းက အမြစ်ကနေ ကျွတ်လဲခဲ့တာကြောင့် အဲ့ဒီ အနီးက ဆိုင်ကယ်ပြင်ဆိုင်ပေါ်ကို ပိကာ ဆိုင်ကယ်ပြင်နေတဲ့ လူ ၁ ဦး သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် မီးသတ်ဌာနဆီက သိရပါတယ်။

” မနေ့က နေ့လည် ၁ နာရီဝန်းကျင်မှာ ရုတ်တရက် မိုးသက်လေးပြင်းကျရောက်ပြီး သာစည်လမ်းက သက်တမ်းရင့် တမာပင်ကြီး အမြစ်ကနေ ကျွတ်လဲတယ် ၊ အနားက ဆိုင်ကယ်ပြင်ဆိုင်ကို ပိတယ် ၊ အဲဒီမှာ ဆိုင်ကယ်ပြင်ရင်း မိုးခိုနေတဲ့ လူ ၁ ဦး ပေါ်ကို ပိတာကြောင့် သေသွားတာ” လို့ ရှာဖွယ်ကယ်ရေး မီးသတ်တယောက်က ပြောပါတယ်။

ဒါ့အပြင် လူမှုကယ်ဆယ်ရေး စေတနာ့လုပ်သား တယောက်က ” ဖိုးထက် ဆိုတဲ့ ဆိုင်ကယ်ပြင်ဆိုင်ပေါ်ကို သစ်ပင်ပိတာပါ ၊ အဲ့ဒီဆိုင်ထဲမှာ ဆိုင်ကယ်လာပြင်တဲ့ ကိုထက်အောင်လွင် ဆိုတဲ့သူအပေါ် ပိပြီး သေတာ ” လို့ ပြောပါတယ်။

အဲ့ဒီ လူသေဆုံးတဲ့ ကိစ္စကို မုံရွာနယ်မြေရဲစခန်းက သေမှုသေခင်းဖွင့်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၇ နှစ်ဝန်းကျင်က အခု သစ်ပြိုလဲတဲ့ သာစည်လမ်းကို ခရိုင်ချင်ဆက် ကုန်စည်ပို့ဆောင်ရေး အဝေးပြေးလမ်း မကြီးအဆင့် မြင့်တင်ဖို့ နဲ့ အဆင့်မြင့် မြို့ပြစီမံကိန်းအတွက် သစ်ပင်တွေခုတ်လှဲပြီး အစားထိုးသစ်ပင်တွေ ပြန်စိုက်ဖို့ လုပ်တဲ့အခါ လူတစုက တားမြစ်ကန့်ကွက်ခဲ့တာကြောင့် အဲ့ဒီ သာစည်လမ်းမှာ သက်တမ်းရင့် သစ်ပင်ကြီးတွေ ရှိနေပြီး နှစ်တိုင်းလိုလို လဲကျပြီး လူတွေဒုက္ခရောက်နေရတာလို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။