Trending Now

မြစ်ကြီးနားမြို့တွင် အပျော်စီး ရေပေါ်စက်ဘီးဆိုင်ကို ဒီဇင်ဘာလ မှစတင်ကာ ပြန်လည်ဖွင့်လှစ်

Spread the love

မြစ်ကြီးနားမြို့တွင် အပျော်စီး ရေပေါ်စက်ဘီးဆိုင်ကို ဒီဇင်ဘာလ မှစတင်ကာ ပြန်လည်ဖွင့်လှစ်

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာလ ၉

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်အတွင်း ဖွင့်လှစ်ထားသည့် အပျော်စီး ရေပေါ်စက်ဘီးဆိုင်ကို ဒီဇင်ဘာလ (၁)ရက်နေ့မှ စတင်ကာ နံနက် (၉)နာရီမှ ညနေ (၄)နာရီခွဲအချိန်ထိ ပိတ်ရက်မရှိ ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း ခရီးသွားဖော်ဆောင်နိုင်ရန်နှင့် အပန်းဖြေလာရောက်လိုသူများအတွက် အားကစားအသစ်အဆန်းတစ်ခုအနေဖြင့် အပျော်စီး ရေပေါ်စက်ဘီးဆိုင်ကို ဖွင့်လှစ်ရန်အတွက် စီစဉ်ဆောင်ရွက်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း အပျော်စီး ရေပေါ်စက်ဘီးဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ နိုင်ငံတကာမှာဆိုရင် ဒီလို ရေပေါ်စက်ဘီးစီးတာတွေကရှိကြတယ်။ ကျနော်တို့ကချင်ပြည်နယ်မှာလည်း ခရီးသွားဖော်ဆောင်နိုင်ဖို့၊ အပန်းဖြေစရာ နေရာတစ်ခုအနေနဲ့ အပျော်စီး ရေပေါ်စက်ဘီးဆိုင်ကို ဖွင့်လှစ်ခဲ့တာဖြစ်တယ်၊ မနှစ်က ပွင်းလင်းရာသီမှာလည်းဖွင့်ခဲ့ပါတယ်၊ မြေပြင်မှာ စက်ဘီးစီးရင် ယာဉ်အန္တရာယ်ဖြစ်မှာလဲ ကြောက်ကြတယ်၊ အခုလို ရေပေါ်မှာ အသက်ကယ်အင်္ကျီနဲ့ အန္တရာယ်ကင်းကင်း စက်ဘီးစီးနိုင်အောင်ဆောင်ရွက်ထားတယ်၊ နောက်ပြီး ရေပေါ် စက်ဘီးစီးခြင်းက စိတ်အပန်းဖြေမှု တစ်ခုလည်းဖြစ်တယ် ၊ဒါကြောင့်ဖွင့်လှစ်ခဲ့တာပါ” ဟု ၎င်းကပြောသည်။

ယင်း အပျော်စီး ရေပေါ်စက်ဘီးဆိုင်ကို မြစ်ကြီးနားမြို့ စည်ပင်ကမ်းနားလမ်းဘေး၊ ရေပေါ်စားသောက်ဆိုင် အနီးတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး လူတစ်ဦးလျှင် နာရီဝက်စီးနင်းလိုပါ (၃၀၀၀)ကျပ်၊ နှစ်ဦးလျှင် (၅၀၀၀)ကျပ် ပေးဆောင်ရမှာဖြစ်ကြောင်း သိရသည်။

အပျော်စီး ရေပေါ်စက်ဘီးစီးနင်းသူများ အန္တရာယ်ကင်းရှင်းနိုင်ရေးအတွက် FNI နှင့် ပူးပေါင်း ကာ အသက်အာမခံချက်နှင့် ထိခိုက်ဒဏ်ရာ အာမခံချက်များ၊ ရေပေါ်စက်ဘီးစီးနင်းပါက မဖြစ်မနေ အသက်ကယ်အိင်္ကျီဝတ်စဉ်ပေးခြင်း၊ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများ၊ အရေးပေါ် အသက်ကယ်လှေများပြုလုပ်ပေးထားကြောင်း သိရသည်။

အလားတူ အပျော်စီး ရေပေါ်စက်ဘီးဆိုင်များကို မိုးညှင်းခရိုင် ၊ အင်းတော်ကြီးဒေသနှင့် ဗန်းမော်မြို့များတွင်လည်း ဆက်လက်ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။