Trending Now

ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ငွေစက္ကူအတုသုံးစွဲမှုများလာ

Spread the love

ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ငွေစက္ကူအတုသုံးစွဲမှုများလာ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာလ ၂၃

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယခုနိုဝင်ဘာလ အတွင်း ငွေစက္ကူအတုများအသုံးပြုကာ စျေးဆိုင်များ၊ ဆီဆိုင်များနှင့် အခြားဆိုင်များ တွင် ဝယ်ယူကြသည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပွားလာကြောင်း ဒေသခံများထံမှသိရသည်။

ငွေစက္ကူအတုများကို အခြားငွေစက္ကူများဖြင့်ရောကာ စျေးဝယ်သူများသည့်အချိန်များတွင် လာရောက်ဝယ်ယူကြလေ့ရှိသလို နေရာတော်တော်များများတွင် ငွေစက္ကူအတုသုံးစွဲသည့်ဖြစ်စဥ်များ ခပ်စိပ်စိပ်တွေ့မြင်လာရကြောင်း ဖားကန့်မြို့တွင်းနေ ဒေသခံတစ်ဦးကပြောသည်။

“ ကျတော်တို့ ဆိုင်မှာလဲ (၁၇)ရက်နေ့လောက်ကဖြစ်သွားတာ၊ (၅၀၀၀)တန် နှစ် ရွက် ပါလာတယ်၊ ဆိုင်က ကုန်စုံဆိုင်ဆိုတော့ ညနေပိုင်း စျေဝယ်သူများ နေချိန်၊ သတိမထားမိချိန်တွေမှာ တစ်ခြား ပိုက်ဆံတွေနဲ့ ရောရောပြီးပေးသွားကြတာ၊ ကျတော်နဲ့ အတူ အသိ မိတ်ဆွေဆိုင်တွေမှာလည်း ဖြစ်လာတယ်လို့သိရတယ်” ဟု ၎င်းကပြောသည်။

အလားတူ နိုဝင်ဘာလ (၁၉)ရက်နေ့ခန့်က လုံးခင်းကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင်တစ်ခုတွင် စက်သုံးငွေစက္ကူအတု နှစ်သောင်းခန့် အသုံးပြုကာ ဓာတ်ဆီ လာရောက်ဝယ်ယူသွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယင်းငွေစက္ကူအတုများမှ မြို့အတွင်းရှိ ကျောင်းဝိုင်းများမှ ထွက်ပေါ်လာသည့်ဟု ယူဆကြောင်း၊ ယင်းကျောက်ဝိုင်းများတွင် ငွေစက္ကူများကို အုပ်လိုက်အသုံးပြုကြကာ ငွေစက္ကူအတုများကို ကြားညှပ် အသုံးပြုရာမှ မြို့တွင်းပျံ့နှံ့လာသည် ဟု သုံးသပ်ရကြောင်း လုံးခင်းကျေးရွာနေ ရပ်မိရပ်ဖတစ်ဦးကပြောသည်။

“ ကျတော်တို့ ဖားကန့် ကျောက်ဝိုင်းတွေမှာက ငွေကို အထပ်လိုက်သုံးကြတယ်၊အဲ့ဒီမှာ အတုတွေကို ကြားညှပ်ပြီးသုံးလာကြတယ်ထင်တယ်၊ ဥပမာ သိန်း(၁၀၀)မှာဆို သိန်း(၂၀)လောက်ကို ငွေစက္ကူအတုညှပ်သုံးတာတွေလုပ်ကြတယ်၊ဒီကနေ သုံးရင်းနဲ့ ငွေစက္ကူအတုတွေကို မြို့တွင်းမှာ တွေ့မြင်လာရတယ်လို့ သုံးသပ်မိတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ယင်း ငွေစက္ကူအတုများ တွေ့ရှိမှုဖြစ်စဉ်နှင့် ပက်သက်၍ သက်ဆိုင်ရာသို့ တစ်စုံတစ်ရာတိုင်ကြားလာခြင်းမရှိကြောင်း၊ တိုင်ကြားမှုရှိလာပါက ငွေစက္ကူအတု အသုံးပြုသူများကို ဖမ်းဆီးရမိရေး လုပ်ဆောင်သွားမှာဖြစ်ကြောင်း လုံးခင်းနယ်မြေရဲစခန်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ ကျတော်တို့ ဆီမှာတော့ ငွေစက္ကူအတု တွေရှိမှုဖြစ်စဉ်နဲ့ ပက်သက်ပြီးလာမတိုင်ကြဘူး၊ အခုလိုဖြစ်စဉ်တွေကိုတွေရှိပြီး အချိန်နဲ့ တပြေးညီတိုင်ကြားလာရင်တော့ အလျှင်အမြန်ဖမ်းဆီးရမိရေးဆောင်ရွက်သွားမှာပါ၊ အခုလိုဖြစ်စဉ်တွေအပါအဝင် ၊ တစ်ခြား ခိုး၊ ဆိုး၊ လု၊ နှိုက် ဖြစ်စဉ်တွေ ဖြစ်ပွားလာပါက သက်ဆိုင်ရာကို အမြန်အကြောင်းကြားပေးဖို့၊ ပြည်သူတွေရဲ့ ပူးပေါင်း ပါဝင်မှုကလည်းအရေးကြီးပါတယ်” ဟု ၎င်းကပြောဆိုထားသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။