Trending Now

မုံရွာမြို့မှာ ပေါက်ကွဲတာနဲ့ ပစ်သတ်တာတွေကြောင့် လူ ၄ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ

Spread the love

မုံရွာမြို့မှာ ပေါက်ကွဲတာနဲ့ ပစ်သတ်တာတွေကြောင့် လူ ၄ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ

EPN
မုံရွာ ၊ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်မှာ မနေ့ စက်တင်ဘာ ၁၉ ရက် ၊ တနေ့တည်းမှာ ပေါက်ကွဲတာနဲ့ ပစ်သတ်တာတွေကြောင့် လူ ၄ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရတယ်လို့ မုံရွာမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်းမှာ မုံရွာ နန္ဒဝန်ရပ်ကွက်မှာနေပြီး ကွမ်းယာရောင်းတဲ့ စျေးသည်လင်းမယားဟာ စျေးဝယ်သွားရင်း နန္ဒဝန်စျေးထဲမှာ မနက် ၉ နာရီဝန်းကျင်က ပစ်သတ်ခံရတယ် ၊ သေဆုံး ကိုကျော်ကျော်ဟာ ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာရ သေဆုံးတယ် ၊ သူ့မိန်းမ မနှင်းအေးခိုင်က ထွက်ပြေးတော့ လှမ်းပစ်တဲ့အခါ နောက်ကျော ကျည်ဆံဖောက်ဝင်ပြီး လဲကျသွားတဲ့အခါ နထင်နေရာကို တေ့ပစ်သွားတာ ” လို့ နန္ဒဝန်စျေးမှာ စျေးရောင်းနေတဲ့ စျေးသည်တယောက်က ပြောပါတယ်။

အဲ့ဒီနောက် မနေ့က မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ မုံရွာမြို့နယ် ၊ လယ်ဇင်ကျေးရွာမှာနေတဲ့ ကိုကျော်ခိုင် ဆိုသူဟာ ဆိုင်ကယ်စီးပြီး မုံရွာကို စျေးဝယ်အလာ ၊ မုံရွာမြို့ ၊ စက်မှုဇုန်ရပ်ကွက် ၊ မြို့ရှောင် လမ်းပေါ်မှာ အမည်မသိ လူ ၂ ဦးက ဆိုင်ကယ်ကိုတားပြီး ကိုကျော်ခိုင်ရဲ နထင်နေရာကို သေနတ်နဲ့ တေ့ပြီး ပစ်သတ်သွားတာ ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် မနေ့က မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ မုံရွာမြို့နယ် ၊ ကျောက္ကာတောင်ရွာ၊ ရွှေဂူနီဘုရားအနီး မုံရွာ အရာတော် ရွှေဘိုကားလမ်းမှာ မုံရွာကနေ အရာတေယ်ဘက်ကို မောင်းနှင်လာတဲ့ ခရောင်းအဖြူရောင်းကား တစ်စီး မိုင်းစထိမှန်ပြီး ကားပေါ်ပါ လင်မယား ၂ ဦး မိုင်းစထိမှန် ဒဏ်ရာရတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် မနေ့ကည ၉ နာရီဝန်းကျင်မှာ မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက်မှာနေတဲ့ ဦးထွန်းထွန်းဝင်း ဆိုသူဟာ နေအိမ်မှာရှိနေတဲ့အချိန် အမည်မသိ လူ ၄ ဦးရောက်လာပြီး ဦးထွန်းထွန်းဝင်းဆိုသူကို သူ့ရဲ့ မိသားစုရှေ့မှာ ပစ်သတ်သွားတာဖြစ်ခဲ့ပါသေးတယ်။

” သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေဟာ သာမန် ပြည်သူတွေဖြစ်တယ် ၊ စျေးရောင်း စျေးဝယ် လုပ်ကိုင်ကြသူတွေပါ ၊ နိုင်ငံရေး အရောင်းအသွေး မရှိဘူး ၊ အမှုဖွင့် စစ်ဆေးနေပါတယ် ” လို့ မုံရွာ ရဲအသိုင်းအဝိုင်းက ပြောပါတယ်။

အဲ့ဒါကြောင့် မုံရွာမြို့ပေါ်မှာ မနေ့က ၁ ရက်တည်း ၄ ဦး ပစ်သတ်ခံရပြီး မိုင်းစထိမှန်လို့ ၂ ဦးဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။