Trending Now

ဖားကန့်မြို့တွင် နေ့ခင်းဘက် လူသွားလူလာပြတ်သည့် နေရာတွင် အမျိုးသားတစ်ဦးကို သတ်ကာ ပစ္စည်များ လုယက်မှုဖြစ်ပွား

Spread the love

ဖားကန့်မြို့တွင် နေ့ခင်းဘက် လူသွားလူလာပြတ်သည့် နေရာတွင် အမျိုးသားတစ်ဦးကို သတ်ကာ ပစ္စည်များ လုယက်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၆ (၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုတွင် ယမန်နေ့က နေခင်းဘက် လူသွားလူလာပြတ်သည့်နေရာတွင် အမျိုးသားတစ်ဦးကို ဓားဖြင့် သတ်ဖြတ်ကာ သေဆုံးသူနှင့် ပါလာသည့် ဖုန်း၊ ဆိုင်ကယ်၊ ကျောက်စိမ်းများကို လုယူထွက်ပြေးသွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း အနီးအနားရှိ ဒေသခံများထံမှသိရသည်။

လုံးခင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာအထွက်တွင် အဆိုပါ သေဆုံးသူ၏ နောက်ကျောဘက်တွင် ဓားဒဏ်ရာ (၃) ချက်ဖြင့် တွေ့ရှိခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

” စစချင်းကတော့ ဘာဖြစ်တာလဲ မသိဘဲ ဆေးရုံကြီးကို ပို့လိုက်တယ်။ ဆေးရုံရောက်တော့ ဆရာဝန်တွေက လူနာသေဆုံးနေပြီဖြစ်ကြောင်း အတည်ပြုတယ်။ သူတို့ ဆွေမျိုးတွေပြောတာကတော့ နောက်ကျောမှာ ဓားဒဏ်ရာလိုမျိုး အပေါက် (၃) ချက်လောက် တွေ့ရတယ်ပြောတယ်။ နောက်ပြီး အဲ့ဒီအမျိုးသားရဲ့ ဖုန်းကော၊ ဆိုင်ကယ်ကော၊ လူမှာရှိတဲ့ ကျောက်စိမ်းတွေကော မတွေ့ရတော့ဘူး ” ဟု ၎င်းကပြောသည်။

သေဆုံးသူမှာ အသက် (၅၉) နှစ်အရွယ် ဦးချစ်သန်းဆိုသူဖြစ်ပြီး ကျောတွင် ဓါးထိုးဒဏ်ရာ သုံးချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ ဖုန်း၊ ဆိုင်ကယ် ကျောက်စိမ်းများကို လုယက်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် မကြာခဏ ဓားထောက်၊ လက်နက်ပြ လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားလေ့ရှိကာ ဖေဖော်ဝါရီလ (၃) ရက်နေ့ကလည်း လုံးခင်း – မှော်စီစာ သွားလမ်း ရွှေညောင်ပင်ဆီဆိုင်အနီး အမျိုးသားတစ်ဦး ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။