Trending Now

မီးသွေးများဈေးနှုန်း မြင့်တက်လာ၍ လောင်ဆာတောင့်များ ပိုမိုအသုံးပြုလာ

Spread the love

မီးသွေးများဈေးနှုန်း မြင့်တက်လာ၍ လောင်ဆာတောင့်များ ပိုမိုအသုံးပြုလာ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၇ (၂၀၂၄)

မြစ်ကြီးနားမြို့ပေါ် တွင် မီးသွေးများ ဈေးနှုန်းမြင့်တက်လာ၍ လောင်ဆာတောင့်များ ပိုမိုရောင်းအားကောင်းနေကြောင်း လောင်ဆာတောင့် ရောင်းချနေသည့် ဆိုင်ရှင်ထံမှ သိရသည်။

တနိုင်း၊ နန်ကျင်၊ မရမ်း ၊တာ‌လောကြီး စသည့် ဒေသဘက်မှ ဝယ်ယူသည့် မီးသွေးများ ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် လက်ရှိအချိန်တွင် လောင်ဆာတောင့်များကို ပိုမိုအသုံးပြုလာ၍ ရောင်းလိုအား ကောင်းနေကြောင်း ကြက်ပေါင်ခြံရပ်ကွက်နေ လောင်ဆာတောင့် လုပ်ကိုင်ရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

” မီးသွေးက အရင်ကလို ဈေးမချိုတော့ဘူး။ အဲ့တော့ ဈေးသက်သာတဲ့ လောင်ဆာတောင့်ကို အရင်ကထက်ပိုပြီး အသုံးများလာတယ်။ အဲ့တော့ ရောင်းအားကောင်းတယ် ဆိုရမှာပေါ့ ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်က မီးသွေးအိတ်သေး တစ်အိတ်လျင် လေးထောင်ကျော်သာရှိပြီး၊ လက်ရှိအချိန်တွင် တစ်သောင်းခွဲအထိဈေးနှုန်းမြင့်တက်သွားကြောင်း သိရသည်။

ယင်းကြောင့် မြစ်ကြီးနားမြို့ပေါ်တွင် မီးသွေးထက် ဈေးနှုန်းသက်သာသည့် လောင်ဆာတောင့်များကို ထမင်းဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ခေါင်ဆွဲဆိုင်များက ပိုမိုအသုံးပြု ဝယ်ယူနေကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ် တွင် လောင်ဆာတောင့် အခုရေ လေးဆယ်ပါ တစ်အိတ်ကို (၇၀၀၀) ကျပ်ဖြစ် လည်းကောင်း၊ လောင်ဆာတောင့် တစ်ချင်းကို (၂၀၀) ကျပ်ဖြင့် လက်လီ၊ လက်ကား ရောင်းချလျက်ရှိကြောင်းသိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။