Trending Now

ဘုရားကြီးမြို့မဈေးရှိ ဆိုင်အချို့မီးလောင်ပြီး ကျပ်သိန်း ၃၀၀ နီးပါးပျက်စီးဆုံးရှုံး

Spread the love

ဘုရားကြီးမြို့မဈေးရှိ ဆိုင်အချို့မီးလောင်ပြီး ကျပ်သိန်း ၃၀၀ နီးပါးပျက်စီးဆုံးရှုံး

EPN
ပဲခူး၊ ဖေဖော်ဝါရီ ၉ (၂၀၂၄)

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့မဈေးရှိ ရေခဲမုန့်ဆိုင်တစ်ခု
ဖေဖော်ဝါရီ ၈ ရက်၊  မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားပြီး ငွေကျပ်
သိန်း ၃၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံ ကူညီကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။

အဆိုပါ မီးလောင်မှုသည် ဖေဖော်ဝါရီ ၈ ရက်၊ မနက် ၆ နာရီကျော် ဘုရားကြီးမြို့ဈေးရှေ့ရှိ ဒေါ်ဝင်းဌေးပိုင် “ဌေးဌေးမြတ်” ရေခဲမုန့်ဆိုင်တွင် ထားရှိသည့် ရေခဲသေတ္တာ Safe Guard မှ အပူလွန်ကဲကာ စတင်မီးလောင်ခဲ့ပြီး ဘေးကပ်လျက်ရှိ ထွန်းသစ်ဆေးဆိုင် နှစ်ဆိုင်နှင့် အတွင်းပစ္စည်းများကိုပါ မီးကူးစက်လောင်ကျွမ်းမှုကြောင့် စုစုပေါင်း ကျပ်သိန်း ၃၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ ကူညီကယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

” ဆိုင်ပိတ်ပြီး အိမ်ပြန်သွားတဲ့ အချိန်လောင်တာ။ ရေခဲသေတ္တာဆိုတော့ ဒီအတိုင်းထားခဲ့တဲ့ သဘောဖြစ်မယ်။ ဘေးဆိုင်တွေပါ မီးက ကူးစက်သွားလို့ ဆုံးရှုံးမှုကများတာ။ မီးလောင်မှုက တော်တော်ပြင်းတယ် ” ဟု ၎င်းကပြောသည်။

မီးလောင်မှုဖြစ်စဉ်ကို မီးသတ် တပ်ဖွဲ့များ ၊ လူမှုကူညီရေး အဖွဲ့ များ၊ ဒေသခံများကဝိုင်းဝန်းမီးငြှိမ်း သတ်ခဲ့မှုကြောင့် အချိန်တစ်နာရီခန့် အကြာတွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မီးစတင် လောင်ကျွမ်းခဲ့သည့် ရေခဲမုန့် အရောင်းဆိုင်ပိုင်ရှင် ဒေါ်ဝင်းဌေးကို ဘုရားနယ်မြေ ရဲစခန်းတွင် ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။