Trending Now

ဘိုကလေးမြို့မှာ ပိုက်သွားဖော်တဲ့ အမျိုးသားတစ်ဦး မိကျောင်းဆွဲခံရ

Spread the love

ဘိုကလေးမြို့မှာ ပိုက်သွားဖော်တဲ့ အမျိုးသားတစ်ဦး မိကျောင်းဆွဲခံရ

EPN
ဧရာဝတီ၊ ဇူလိုင် ၂၈

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှာ မနေ့ ဇူလိုင် ၂၇ ရက်ကထောင်ထားတဲ့ ပိုက်သွားဖော်တဲ့ အမျိုးသားတစ်ဦး မိကျောင်းဆွဲခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေး အဖွဲ့တွေဆီကနေ သိရပါတယ်။

အဲ့ဒီ မိကျောင်းဆွဲခံရတဲ့ အမျိုးသားမှာ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သရော်ချောင်းကျေးရွာအုပ်စု၊ ဘောဂဝတီကျေးရွာက အသက် (၃၅) နှစ် အရွယ်ဖြစ်ပြီး၊ ဒေသအခေါ် နှာကြီးချောင်းအတွင်း ထောင်ထားတဲ့ ငါးဖမ်းပိုက်ကိုသွားဖော်တဲ့အချိန် မိကျောင်းဆွဲခံခဲ့ရတာလို့သိရပါတယ်။

” သူက ချောင်းမှာထောင်ထားတဲ့ ငါးဖမ်းပိုက်ကို သွားဖော်တဲ့အချိန် ဆွဲခံရတာ။ မလှမ်းမကမ်းမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးတွေ့တာ။ အခုထိတော့ ရှာမတွေ့ သေးဘူး။ ရေကလည်း အရမ်းများနေတယ်။ ဒီဘက်မှာက မိန်းမလှကျွန်း သဘာဝဘေးမဲ့တောနဲ့ ထိစပ်နေတော့ မိချောင်းပေါတယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိကျောင်းအဆွဲခံရတဲ့ အမျိုးသားကို ဒေသခံတွေ၊ ရေလုပ်သားတွေ၊ ပရဟိတ အဖွဲ့တွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လိုက်လံရှာဖွေနေပေမယ့် လက်ရှိ အချိန်ထိ ပြန်လည်ရှာမတွေ့သေးဘူးလို့ သိရပါတယ်။

အခုလို မိကျောင်းအဆွဲခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားတဲ့ ကျေးရွာဟာ ဘိုကလေးမြို့၊ မိန်းမလှကျွန်း သဘာဝဘေးမဲ့တောနဲ့ ထိစပ်နေပေမယ့် အခုလို ချောင်းကျဉ်းလေး အထိလာပြီး မိကျောင်းဆွဲတဲ့ ဖြစ်စဉ်တွေမဖြစ်ခဲ့ဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။