Trending Now

ဆယ်စုနှစ် တစ်စုကျော်ကြာ အိမ်မက်ဆိုး နိုးထချိန်တန်ပါပြီ

Spread the love

ဆယ်စုနှစ် တစ်စုကျော်ကြာ အိမ်မက်ဆိုး နိုးထချိန်တန်ပါပြီ

EPN
ဆောင်းပါး၊ အောက်တိုဘာ ၁၂ (၂၀၂၃)
နော်မန်ထွန်း ရေးသည်။

ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က စတင်ပြီး တပ်မတော် နဲ့ KIA တို့ကြား တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဆိုရင် ဆယ်စုနှစ်တစ်စုကို ကျော်လာခဲ့ပါပြီ။ တပ်မတော်နဲ့ KIA တို့ အကြား တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်အတွင်း ကျေးရွာ ၄၀၀ ကျော်က ဒေသခံ တစ်သိန်းကျော် အိမ်မပြန်နိုင်ဘဲ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေတဲ့ ဒေသခံတွေကို ၂၀၁၉ ခုနှစ်ကစပြီး အစိုးရ၊ တပ်မတော်၊ ကေအိုင်အိုနဲ့ ဘာသာရေး ခေါင်းဆောင်တွေ ပူးပေါင်းကာ နေရပ်ပြန်ရေး စီစဉ်ဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။ စခန်းအတွင်း ခိုလှုံနေရေးအတွက်လည်း အခက်အခဲတွေ ရှိလာတာကြောင့် ကျေးရွာအချို့ အရဲစွန့်ပြီး နေရပ်မှာ ပြန်လည်အခြေချ နေထိုင်ရေးကို စွန့်စားလုပ်ဆောင်ခဲ့ကြပါတယ်။

မြစ်ကြီးနား – ဗန်းမော်လမ်းမှာရှိတဲ ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာဆိုရင် အစိုးရနဲ့ ကေအိုင်အို နှစ်ဖက်စလုံး သဘောတူညီချက်နဲ့ နေရပ်ပြန်ရေး အစီအစဉ်အရ ဆောင်ရွက်ခဲ့တဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ နမ်ဆန်ယန် အလယ်တန်းကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒီကျောင်းဟာဆိုရင် စစ်ဘေးရှောင်ပြီး ရှစ်နှစ်အကြာမှာ နေရပ်ပြန်ပြီး ပထမဆုံး ပြန်လည် ဖွင့်လှစ်နိုင်ခဲ့တဲ့ အစိုးရထိန်းချုပ်နယ်မြေရှိ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် နောက်ပိုင်း တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခတာကြောင့် စစ်ဘေးရှောင် အရေအတွက် ပိုမိုတိုးများလာပါတယ်။ ၂၀၂၃ ခုနှစ် ဇူလိုင်လပိုင်းမှာ ပိုမိုပြင်းထန်လာတဲ့ စစ်အရှိန်ကြောင့် နေရပ်ပြန် နေထိုင်ခဲ့ကြတဲ့ စစ်ဘေးရှောင်တွေ ထပ်မံအိုးအိမ်စွန့်ခွာကာ ထွက်ပြေးခဲ့ရပါတယ်။ အိုးအိမ်မဲ့ရတဲ့ မိဘပြည်သူတွေ၊ မိဘမဲ့ကလေးတွေ၊ ပညာရေးချို့တဲ့ရတဲ့ ကလေးတွေ များပြားခဲ့ရပါတယ်။

ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ NCA ဆိုတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီး ပြည်တွင်းစစ်တွေ ငြိမ်းသက်ဖို့ ကြိုးစားခဲ့ရာမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ နိုင်ငံတကာ အသိသက်သေတွေရှေ့မှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲဖို့ စာချုပ်ချုပ်ခဲ့ကြပေမယ့် KIAနဲ့ လက်နက်ကိုင် အဖွဲ့အချို့ မပါဝင်ခဲ့ကြပါဘူး။

အဲ့ဒီကနေ ပြည်သူ့အစိုးရဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ တက်လာတဲ့အချိန်မှာတော့ ကချင်ပြည်နယ်အတွင်းနေ ပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေးကို ဦးစားပေး ဖော်ဆောင်တာထက် ပါတီအောင်နိုင်ရေး စီမံချက်တွေကိုသာ ဦးစားပေး အကောင်အထည် ဖော်ခဲ့တာကြောင့် ငြိမ်းချမ်းရေးနဲ့ ထပ်မံပြီး အလှမ်းဝေးခဲ့ရပါတယ်။

မဲမသာမှုတွေကြောင့် စစ်တပ်က အာဏာထိန်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှာတော့ မဲမသမာမှု၊ မဲစာရင်း ထပ်နေမှုတို့ကြောင့် အာဏာထိန်းမှုကို မျိုးစုံလုပ်ကြံပြောဆိုကာ သွေးကြွလွယ်၊ သွေးဆူလွယ်တဲ့ လူငယ်အချို့ကို PDF ခေါင်းစဥ်တပ် တောခိုစေခဲ့တယ်။ စစ်တပ်ကို တိုက်လို့မနိုင်တော့ အပြစ်မဲ့ ပြည်သူတွေဘက်ကို မျှားဦးလှည့်လာကြပါတယ်။ လက်နက်ကိုင်ရတဲ့ အရသာကိုစွဲမက်ပြီး လက်မလွှတ်ချင်တော့ အနောက်နိုင်ငံတွေရဲ့ အလိုကျ ပြည်တွင်းစစ်မီး မငြိမ်းအောင် အများပြည်သူ အသုံးပြုတဲ့ မီးရထားလမ်းတွေ၊ လျှပ်စစ်တာဝါတိုင် ဗုံးခွဲတာတွေကို ပြုလုပ်လာကြပါတယ်။

ဒါ့အပြင် NCA စာချုပ်ချုပ်ဆိုပြီး အေးချမ်းနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ကိုလည်း တိုင်းရင်းသားရေး၊ ဖယ်ဒရယ်ရေးကို မစားရ ဝခမန်းပြောကာ NCA ကိုကျောခိုင်းစေခဲ့တယ်။ အနောက်နိုင်ငံ အထောက်အပံ့တွေနဲ့ တိုင်းပြည်ကို စစ်မီးမွှေးခဲ့ကြတာ ဖြစ်ပါတယ်။

ခုလို စစ်မီးမွှေးလိုက်တဲ့အတွက် ဘယ်သူတွေ အကျိုးရှိစေသလဲ။ စဥ်းစားဖို့ လိုပြီပဲ ဖြစ်ပါတယ်။ ဒေသတွင်းမှာရော ဘာတွေတိုးတက်မှု ရှိစေခဲ့သလဲ။ ကချင်ပြည်နယ်အတွင်းဆို လူမှုရေး၊ စီးပွားရေး၊ ပညာရေး အဘက်ဘက်က နိမ့်ကျမှုတွေနဲ့ပဲ ကြုံတွေ့ခဲ့စေတာပါ။ ပြည်နယ်တစ်ခုလုံး ကုန်စည် ကူးလူးဆက်သွယ်ဖို့ အခက်အခဲတွေ ဖြစ်စေတယ်။ နောက်ဆက်တွဲ ပြည်သူတွေ ကုန်စျေးနှုန်း အဆမတန် ကြီးမြင့်မှုဒဏ်ကို ခံစားရတယ်။ လူ့စွမ်းအား အရင်းအမြစ်တွေလဲ နိမ့်ပါးခဲ့ရတယ်။

ပညာရေးပိုင်းမှာလည်း ဆယ်စုနှစ်တစ်ခု နောက်ကျကျန်ခဲ့ပါပြီ။ စီပွားရေးဆိုရင် ဆိုဖွယ်ရာတောင် မရှိတော့ပါဘူး။ သယံဇာတ ပေါကြွယ်ဝတဲ့ ရတနာနယ်မြေကြီးမှာ ဖွံ့ဖြိုးမှု နောက်ကျရတဲ့ အခြေခံ အကြောင်းတရားကလည်း ပြည်တွင်းစစ်မီးကို မငြှိမ်းနိုင်လို့ပါပဲ။ အခုဆိုရင် ပြည်သူတွေ စားဝတ်နေရေး၊ သွားလာရေးကအစ ကျီးလန့်စာ စားနေရတဲ့ အခြေအနေကို ရောက်ရှိလို့ နေပါပြီ။

နိုင်ငံရေး သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ မျိုးနွယ်စု ဘာသာစာပေယဥ်ကျေးမှု ခေါင်းဆောင်တွေနဲ့ ရဟန်းသံဃာတော်တွေကအစ လုပ်ကြံသတ်ဖြတ်မှုတွေကို ပြုလုပ်လာကြပါတယ်။ အခုဆို အပြစ်မဲ့ ပြည်သူတွေကိုကအစ တရားမဲ့ လုပ်ကြံသတ်ဖြတ်လာတဲ့အထိ ဆိုဝါးလို့နေပါပြီ။ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ပြည်သူတွေကို ပစ်မှတ်ထားလာတာက အင်မတန်မှ ရွံရှာဖွယ် ကောင်းလှပါတယ်။ ပြည်သူ့အတွက်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ ရှိတယ်ဆိုရင် ပြည်သူကို အလေးထားဖို့ လိုအပ်ပါတယ်။

ပြည်သူတွေကလည်း စစ်ပွဲတွေကို ကြောက်လန့်နေကြပါပြီ။ ငြိမ်ချမ်းရေး အသီးအပွင့်ကို မျှော်လင့်လို့ လာကြပါပြီ။ လက်နက်နဲ့ ဖြေရှင်းလို့မရတဲ့ ပြသနာတွေကို စားပွဲဝိုင်းမှာ ငြိမ်းချမ်းရေးနဲ့ ဖော်ဆောင်ဖို့ စဥ်းစားသင့်ပါတယ်။ ငြိမ်ချမ်းရေးကို ဖော်ဆောင်နိုင်မှသာလျင် ဒေသအရေး၊ ဖက်ဒရယ်အရေးကို ဆက်လက်ရယူနိုင်မှာ ဖြစ်ပါတယ်။

အခုဆိုရင် ကမ္ဘာမှာလည်း စစ်ပွဲတွေကြောင့် ဆူပူမှုတွေ စတင်ဖြစ်ပေါ်နေပါပြီ။ ဒီလို အချိန်မျိုးမှာ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှသာလျင် အင်အားကြီး အနောက်နိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုကို ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို မြှောက်ထိုးပင့်ကော်လုပ်ပြီး နိုင်ငံရေး ဝင်ရောက်ခြယ်လှယ်ချင်တဲ့ သူတွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်တာကလည်း ငြိမ်းချမ်းရေး တစ်ခုပဲ ရှိပါတယ်။

ငြိမ်းချမ်းနိုင်ဖို့ နည်းလမ်းဟာ လက်နက်ကိုင် လမ်းစဉ်ကိုစွန့်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ပဲ ဖြစ်ပါတယ်။ ဒေသလဲ အကျိုးမရှိ၊ ပြည်သူတွေအတွက် နစ်နာစေတဲ့ သေနတ်နဲ့ စစ်တိုက်ခြင်းကိုစွန့်ပြီး စားပွဲဝိုင်းမှာ အဖြေရှာရမယ့် အချိန်လည်း ဖြစ်ပါတယ်။ လိုချင်တာကို လက်နက်နဲ့ ဆန့်ကျင်ရယူမယ့်အစား တရားသောနည်းလမ်းနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပြီး ရယူဖို့ ကြိုးပမ်းရမယ့် အချိန်တစ်ခုလို့လည်း မြင်မိပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးခြင်း (၈) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

NCA မှာ သက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတဲ့ ပြည်တွင်း ပြည်ပက ပုဂ္ဂိုလ်တွေ၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လက်မှတ်မရေး ထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားထားတယ်လို့ နစက က ထုတ်ပြန်ကြေညာထားပါတယ်။ ဒါက နစက အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အပစ်အခတ် ရပ်စဲရေးအတွက် လမ်းဖွင့်ထားတုန်းပဲဆိုတဲ့ သဘောကို ပြသတာလဲ ဖြစ်ပါတယ်။

ခုချိန်မှာ ပြည်သူတွေ တကယ်လိုအပ်နေတာက နိုင်ငံရေး အလှည့်အပြောင်း တစ်ခုကိုပါ။ မလိုလားအပ်တဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေလဲ ခြေကုန်လက်ပန်း ကျနေပါပြီ။ အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး ပြည်နယ်အကျိုး၊ ဒေသအကျိုးအတွက် အခွင့်အရေးကို အသုံးချတတ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ပြည်သူ့အကျိုး မျှော်ကိုးတယ်ဆို ပြည်သူတွေအတွက် ဆယ်စုနှစ်တစ်ခုကျော် မက်ခဲ့ရတဲ့ အိမ်မက်ဆိုးတွေကို ငြိမ်းချမ်းရေး အသီးအပွင့်တွေနဲ့ နှိုးထပေးဖို့ အချိန်တန်ပါပြီလို့ ရေးသားအကြံပြု လိုက်ရပါတယ်။

ဓါတ်ပုံ – တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးပွဲ မြင်ကွင်းအချို့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။