Trending Now

ဗန်းမော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပိတ်ထားမှုကြောင့် အပြင်အရောင်းဆိုင်များတွင် တစ်ဂါလံ ၂၅၀၀၀ အထိ စျေးမြင့်တက်

Spread the love

ဗန်းမော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပိတ်ထားမှုကြောင့် အပြင်အရောင်းဆိုင်များတွင် တစ်ဂါလံ ၂၅၀၀၀ အထိ စျေးမြင့်တက်

EPN
မြစ်ကြီးနား ၊ ဧပြီ ၁၀ (၂၀၂၄)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပိတ်ထားမှုများကြောင့် မြို့အတွင်းရှိ အပြင်ဓာတ်ဆီအရောင်းဆိုင်များတွင် ဓာတ်ဆီတစ်ဂါလံ ၂၅၀၀၀ကျော်၊ တစ်လီတာ ၆၀၀၀ နီးပါးဖြင့် ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

ဗန်းမော်-မန္တလေးသွား ကားလမ်းတွင် တပ်မတော်နှင့် KIA/ PDF ပူးပေါင်းအဖွဲ့တို့ကြား ရံဖန်ရံကာ တိုက်ပွဲများဖြစ်ပွားမှုကြောင့် လမ်းခရီးအခက်အခဲများ ဖြစ်ပေါ်နေကာ ဆီကားကြီးများ ဝင်ရောက်မှုမရှိသည့်အတွက် အပြင်ဓာတ်ဆီအရောင်းဆိုင်များတွင် ဈေးနှုန်းများတင်ကာ ရောင်းချနေကြောင်း ဗန်းမော်မြို့နေ ဒေသခံများထံမှ သိရသည်။

” ဗန်းမော်ဘက်လာတဲ့ လမ်းမှာက တိုက်ပွဲတွေဖြစ်တော့ ကားကြီးတွေလာရတာ အဆင်မပြေကြဘူးလို့ပြောတယ်။ အခုဆို ဗန်းမော်ဘက်ကို ဆီကားတွေမရောက်တော့ဘူး။ ဓာတ်ဆီအရောင်းဆိုင်ကြီးတွေ၊ ပန့်ဆိုင်တွေက ပိတ်ထားလိုက်ကြပြီ။ အခုရောင်းနေတာက အပြင်က ဆိုင်သေးသေးလေးတွေကပဲ ရောင်းနေတော့တာ။ ဈေးကလဲ အတော်လေးတက်လာတယ်။ အရင်က တစ်လီတာကို ၃၀၀၀ကျော်၊ ၄၀၀၀လောက်ပဲရှိတာ။ အခုက ၆၀၀၀ကျော်အထိကို ဖြစ်ကုန်ပြီ။ အပြင်ဆိုင်တွေဆိုတော့ တစ်နေရာနဲ့ တစ်နေရာကလဲ မတူဘူး ” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ စက်သုံးဆီ ပြတ်လပ်မှုများ၊ ဓဈေးနှုန်းမြင့်တက်မှုများကြောင့် ဒေသခံများမှာ သွားရေးလာရေး အဆင်မပြေမှုများဖြင့် ကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦးမှ သုံးသပ်ပြောကြားခဲ့သည်။

” အခုလို ဈေးတွေမြင့်တက်တာကလဲ တိုက်ပွဲဖြစ်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်ဖြစ်တယ်။ လမ်းတွေပိတ် ကုန်သွယ်ရေးတွေ အဆင်မပြေတော့ အရင်ဆုံး ဒုက္ခရောက်ရတာ ဒီက ဒေသခံတွေဖြစ်တယ်။ လူအများစု ဆိုင်ကယ်နဲ့သွားလာနေရတဲ့ ခေတ်ကြီးမှာ ဓာတ်ဆီမရတော့ ဘယ်လိုမှ သွားလာဖို့ အဆင်မပြေဘူး။ အခြားပစ္စည်းတွေလဲ ဈေးအတူတက်တာဘဲ။ ဈေးတက်တော့ သာမန်လက်လုပ်လက်စားတွေအတွက်ကြ ခက်ခဲလာတယ် ” ဟု ၎င်းက သုံးသပ်ပြောကြားခဲ့သည်။

ယခင်က ဗန်းမော်မြို့တွင်  ဓာတ်ဆီတစ်ဂါလံ ၁၅၀၀၀ကျပ်၊ တစ်လီတာ ၄၀၀၀ကျပ်သာ ရှိခဲ့သော်လည်း၊ ဧပြီလ (၅)ရက်နေ့နောက်ပိုင်းမှ စတင်ကာ ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး လက်ရှိတွင် ဓာတ်ဆီတစ်ဂါလံ ၂၅၀၀၀ကျပ်၊တစ်လီတာ ၆၀၀၀ကျပ်အထိ ဝယ်ယူနေရကြောင်း သိရသည်။

ဧပြီလ (၅)ရက်နေ့က မံစီမြို့နယ်၊ ဗန်းမော်-မန္တလေးလမ်းပေါ်ရှိ ဟန်ထက် တပ်မတော်စခန်းကို KIA/ PDF ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး၊ ကားလမ်းများလည်း ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။

ပန်ပန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။