Trending Now

ဆိပ်မူကျေးရွာအတွင်း ပြည်သူများမှ ကိုယ်ထူကိုယ်ထတံတားများ တည်ဆောက်နေမှုတွင် တံတား (၇)စင်းပြီးစီး၊ သိန်း (၅၀၀) ကျော် ကုန်ကျ

Spread the love

ဆိပ်မူကျေးရွာအတွင်း ပြည်သူများမှ ကိုယ်ထူကိုယ်ထတံတားများ တည်ဆောက်နေမှုတွင် တံတား (၇)စင်းပြီးစီး၊ သိန်း (၅၀၀) ကျော် ကုန်ကျ

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၃

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဆိပ်မူကျေးရွာအတွင်း ပြည်သူများမှ ကိုယ်ထူကိုယ်ထ တံတားများ တည်ဆောက်နေမှုမှာ တံတား (၇)စင်း ပြီးစီးနေပြီးကုန်ကျငွေ စုစုပေါင်း သိန်း (၅၀၀) ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ယင်းတံတား (၇)စင်းမှာ ချောင်းကူးတံတားကြီး (၃)စင်း ပေါင်းကူး တံတား (၄)စင်း ပါဝင်နေပြီး ပြီးစီးပြီး တံတားအားလုံးမှာ (၉) လက်မ ထု ရှိသည့် သံကူကွန်ဂရစ် တံတားများဖြစ်ကာ လက်ရှိတွင် ထပ်မံ၍ တံတား (၅) စင်း ပြန်လည်ပြုပြင်တည်ဆောက်သွားရန်ရှိနေကြောင်း တံတားတည်ဆောက်ရေးတွင် ဦးဆောင် ဆောင်ရွက်နေသည်တစ်ဦးကပြောသည်။

“ကျနော်တို့ ဖားကန့်ဆိပ်မှုထဲက တံတားတွေ ယို့ယွင်းပျက်စီးနေတဲ့အတွက်ကြောင့်ကျေးရွာနေပြည်သူတွေ၊ လုပ်ငန်းရှင်တွေ လှူရှင်တွေ စုပေါင်းပြီး ကျေးရွာအတွင်းက တံတားတွေကို ပြုပြင်ထားတယ်၊ လက်ရှိအချိန်ထိက ချောင်းကူးတံတားကြီး (၃)စင်း ပေါင်းကူးတံတား (၄)စင်း စုစုပေါင်းတံတာ (၇)စင်း တည်ဆောက်ပြီးပြီ တံတားအားလုံးက သံကူ ကွန်ဂရစ်နဲ့ဆောက်လုပ်ထားတာ၊ ရေရှည်ခိုင်ခံ့အောင်၊ တံတားတည်ဆောက်တာကလည်း ကျေးရွာနေ ပြည်သူတွေရဲ့ ကိုယ်ထူကိုယ်ထ လုပ်အားတွေနဲ့ဆောင်ရွက်ကြတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ဖားကန့်မြို့ ဆိပ်မူကျေးရွာအတွင်း မြေသယ်ကားများ၊ ကားကြီးများ ဖြတ်သန်းသွားလာမှုများနှင့် တံတားများမှာ နှစ်ကာလ ကြာမြင့်ပြီး အများစုမှာ သစ်သားများဖြင့် တည်ဆောက်ထားသည့်အတွက် ပျက်စီးယို့ယွင်းနေခဲ့ကြောင့် ဆိပ်မူကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

“ကျေးရွာထဲမှာ ကားကြီးတွေ ၊မြေသယ်ကားတွေ သွားလာတော့ တံတားတွေ ပျက်စီးနေတာ၊ နောက်ပြီး တံတားကလဲ သစ်သားနဲ့ လုပ်တဲ့တံတားဆိုတော့ ပိုပြီးပျက်စီးလွယ်တာပေါ့ ရေရှည်မခံဘူးလေ၊ ဒီလို ပျက်စီးနေတဲ့ တံတားတွေကို သင်္ခါလူမှုကူညီရေးအသင်းက ဦးဆောင်ပြီးဆောက်လုပ်ပေးနေခဲ့တာ၊ အဲ့အတွက်လဲ ကျေးဇူးအရမ်းတင်တယ်၊ ကောင်းကောင်းမွန်မွန် ဖြစ်သွားရင် သွားလာမှုတွေ ပိုအဆင်ပြေသွားမှာ ဟုတ်တယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ကိုယ်ထူကိုယ်ထ တံတားများတည်ဆောက်နေမှုတွင် ဖားကန့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကားများ လုပ်အားများ၊ မီးသတ်နှင့် ကြက်ခြေနီအဖွဲ့မှ လုပ်အားများ ၊ ကျေးရွာနေပြည်သူများ၏ လုပ်အားများဖြင့် စုပေါင်းကာ တည်ဆောက်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ ဆိပ်မူကျေးရွာအတွင်းတံတားများပြန်လည်ပြုပြင်တည်ဆောက်မှုများကို သင်္ခါလူမှုကူညီရေးအသင်းမှစတင်ကာ ပြုလုပ်ခဲ့ပြီး လက်ရှိတွင် တံတား (၇)စင်းပြီးစီးကာ ကုန်ကျငွေ ကျပ်သိန်း (၅၀၀) ခန့် ကုန်ကျခဲ့ပြီး ထပ်မံ၍ တံတား (၅) စင်း ပြန်လည်ပြုပြင်သွားမည်ဖြစ်ပြီး ကုန်ကျငွေ သိန်း (၃၀၀)ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။