Trending Now

ဝိုင်းမော်မြို့၊ သာဂရ ရပ်ကွက် (၅) တွင် ဓါးပြ တိုက်သူ လူငယ် ခြောက်ဦး အနက် သုံးဦး အရှင် နှင့် တစ်ဦး အသေ ဖမ်းဆီးရမိထား

Spread the love

ဝိုင်းမော်မြို့၊ သာဂရ ရပ်ကွက် (၅) တွင် ဓါးပြ တိုက်သူ လူငယ် ခြောက်ဦး အနက် သုံးဦး အရှင် နှင့် တစ်ဦး အသေ ဖမ်းဆီးရမိထား

EPN
ဝိုင်းမော်၊ ဩဂုတ် ၂၉

ဝိုင်းမော်မြို့၊ သာဂရ ရပ်ကွက် (၅) တွင် ဓါးပြတိုက်ခဲ့သော လူငယ် (၆) ဦး အနက် (၃) ဦးကို အရှင် ဖမ်းဆီးရမိခဲ့ပြီး (၁)ဦးကို အသေ ဖမ်းဆီး ရမိခဲ့ကာ ဓါးပြတိုက်ရာတွင် ယူဆောင်သွားသည့် ငွေစက္ကူ အချို့နှင့် ပစ္စည်းများ ကို ပြန်လည် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၂၃) ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့၊ သာဂရ ရပ်ကွက် (၅) ရှိ နွားလိုင်စင် လုပ်ကိုင်သူ၏ နေအိမ်အား လူငယ် (၆) ဦးမှ ဓါးပြတိုက်ကာ ငွေ ကျပ်သိန်းပေါင်း များစွာနှင့် ရွှေလက်စွပ်၊ ဆိုင်ကယ်၊ ဖုန်းများကို ယူဆောင်သွားကြောင်း သတင်းရင်းမြှစ်များအရ သိရသည်။

ယင်းဓါးပြမှုအား သက်ဆိုင်ရာမှ စုံစမ်း ဖော်ထုတ် လျှက်ရှိရာ သြဂုတ်လ ၂၇ ရက်နေ့တွင် မြစ်ကြီးနားမြို့ ဂျာမိုင်ကောင်း ရပ်ကွက်ရှိ နေအိမ် တစ်အိမ်၌ ငှါးရမ်းနေထိုင်သည့် အသက် (၂၂) နှစ် အရွယ် ဘရန်ဆိုင်း၊ ကောင်ရာ နယ်မြေ၊ စီတာပူ ရပ်ကွက်၊ မြစ်ကြီးနားမြို့နေသူ နှင့် အသက် (၂၀) အရွယ် လွမ်းခေါင်၊ မြို့သစ်ကြီး ရပ်ကွက်၊ မြစ်ကြီးနားမြို့ နေသူ တို့ (၂)ဦးကို ပစ္စတို သေနတ် (၁)လက်နှင့် ကျည်အချို့၊ ဓါးပြတိုက်ရာတွင် ရရှိထားသော မြန်မာ ကျပ်ငွေနှင့် တရုတ် ယွမ်ငွေ များ၊ လက်ကိုင်ဖုန်းများ၊ ဓါးပြတိုက်ရာမှ ရရှိသော ငွေဖြင့် ဝယ်ယူထားသည့် ဆိုင်ကယ် များ၊ ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု သက်ဆိုင်ရာမှ သိရသည်။

“အားလုံးက ဆယ်ကျော်သက်၊ နှစ်ဆယ်ကျော် လူငယ်တွေပဲ၊ စပြီး ဖမ်းမိတဲ့ ဘရန်ဆိုင်း၊ လွမ်းခေါင်တို့ ထွက်ဆိုချက်အရ တပ်ကုန်းမှာနေတဲ့ အသက် (၂၃)နှစ် အရွယ် ဇော်လွန်းအောင်ရဲ့ ဦးဆောင်မှုနဲ့ အတူ ဆွတ်ရိန်နော်၊ ထွယ်နော်၊ မာတူး တို့နဲ့ အတူ ဓါးပြတိုက်ခဲ့တာလို့ သိရတယ်၊ ဇော်လွန်းအောင်နဲ့ မာတူး နေတဲ့ နေရာကို သွားဖမ်းတော့ ဇော်လွန်းအောင်ကို မတွေ့ခဲ့ဘူး၊ မာတူးကိုဘဲ တွေ့ရတယ်၊ အဲဒီမှာ မာတူးက နေအိမ်အနောက် လယ်ကွင်းဘက် ထွက်ပြေးတော့ ခြောက်လှန့် ပစ်ခတ် ဖမ်းဆီးတာ သေဆုံးသွားတယ်၊ နောက် အသက် (၁၇) နှစ် အရွယ် ဆွတ်ရိန်နော် (တပ်ကုန်း စံပြနေသူ) ဆိုသူကိုတော့ တပ်ကုန်းရပ်ကွက် အဝေးပြေး ကားကွင်း လမ်းထိပ်မှာ မိခဲ့တယ်၊” ဟု တာဝန်ရှိသူ တစ်ဦး က ပြောပြသည်။

ယင်းဓါးပြမှုသည် KIA၊ KIO လက်နက်ကိုင် အဖွဲ့အား ဆက်ကြေးပေးဆောင်ရန် ပျက်ကွက်ခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြပြီး ယင်းအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ယခုကဲ့သို့ ဖြေကြားသည်။

“KIO, KIA နဲ့ ပတ်သက်လား၊ မပတ်သက်ဘူးလားဆိုတာတော့ စုံစမ်းနေဆဲ ဖြစ်တယ်၊ လွတ်မြောက်နေသူ နှစ်ဦးကိုလည်း အမြန်ဆုံး ဖမ်းဆီးရမိအောင် ဆောင်ရွက် နေပါတယ်။” ၎င်းက ဆိုသည်။

အဆိုပါ ဓါးပြမှုတွင် ပါဝင်သူများ ဖြစ်ကြသည့် ဇော်လွန်းအောင်၊ ဘရန်ဆိုင်း၊ လွမ်းခေါင်၊ ဆွတ်ရိန်နော်၊ ထွယ်နော်၊ မာတူး စသည့် လူငယ် (၆) ဦး အနက် မာတူးဆိုသူကို အသေ ဖမ်းဆီး ရမိခဲ့ပြီး၊ ဘရန်ဆိုင်း၊ လွမ်းခေါင်၊ ဆွတ်ရိန်နော် တို့ကို ဓါးပြတိုက်ရာပါ ငွေကြေးနှင့် ပစ္စည်းများကို ဖမ်းဆီးသိမ်းဆည်းထားကြောင်းနှင့် ကျန်သူများကိုလည်း ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။