Trending Now

အရင်းအမြစ်ကို နည်းစနစ် နဲ့ ပေါင်းစပ် ဖော်ထုတ်လာကြသည် လျှပ်စစ်စွမ်းအား

Spread the love

အရင်းအမြစ်ကို နည်းစနစ် နဲ့ ပေါင်းစပ် ဖော်ထုတ်လာကြသည် လျှပ်စစ်စွမ်းအား

EPN
သတင်းဆောင်းပါး၊ ၂၀၂၂ခုနှစ်၊ မေ ၂၄ ရက်

တရုတ်သံရုံးကနေပြီး အိမ်နီးချင်းနိုင်ငံတွေကို လျှပ်စစ်နဲ့ပတ်သက်ပြီး ကူညီပေးနေတဲ့ ထုတ်ပြန်ချက်တွေကို တွေ့မိတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာသာမက ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပါ လျှပ်စစ်ကို ရရာနည်းနဲ့ ကြိုးပမ်းနေကြတာကို သတိပြုမိပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ လျှပ်စစ်က အရေးပါအရာရောက်ပုံကိုလည်း မီးမောင်းထိုးပြ လိုက်သလိုပါပဲ။ အခုဆိုရင် အိမ်နီးချင်းနိုင်ငံတွေမှာလည်း နိုင်ငံဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ကို အရေးတကြီး ဆောင်ရွက်လာတာကိုလည်း တွေ့မြင်နေရပါတယ်။

တရုတ်နိုင်ငံ အကူအညီနဲ့ ဘဂ်လားဒေ့ရှ်နိုင်ငံက အိန္ဒိယနဲ့ ပါကစ္စတန်ကို ကျော်လွန်ပြီး တောင်အာရှမှာ ပထမဆုံး တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိတဲ့နိုင်ငံ ဖြစ်လာတယ်လို့ တရုတ်သံရုံးက မေလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံအကူအညီနဲ့ ဆောင်ရွက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တစ်ခုလည်း ဖြစ်ပါတယ်။ ဒီစီမံကိန်းဖြစ်တဲ့ “Pajala 2×660 MW Ultra-Supercritical coal-fired power station” ကို မကြာသေးမီက ဆောက်လုပ် ပြီးစီးခဲ့တာဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တရားဝင် စတင် လည်ပတ်ပြီးနောက် နှစ်စဉ် ဓာတ်အား ၈.၅၈ ဘီလီယံ kWh ခန့် ထောက်ပံ့ပေးနိုင်ပြီ ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံက ဒီစိမံကိန်းကို ၂၀၁၆ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး အာရှမှာ တတိယမြောက်ဖြစ်ပြီး ကမ္ဘာပေါ်မှာ ဆယ့်နှစ်ခုမြောက် Ultra-Supercritical နည်းပညာအသုံးပြုတဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဖြစ်ကာ ထိရောက်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့မှာ ထိပ်တန်းနေရာ၌ ရှိနေတယ်လို့လဲ ဆိုထား ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှတ်ဟာစီနာက အဆိုပါစီမံကိန်းဟာ ဒေသ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူလူထုဘဝ ကောင်းမွန်လာစေရေးအတွက် အားကောင်းစွာ အာမခံချက်ပေးနိုင်မည်ဖြစ်လို့ တရုတ်နိုင်ငံရဲ့ အကူအညီပေးမှုအတွက် ကျေးဇူးတင်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ Pajala ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့တဲ့ အတွက် Balapukulia ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ကိုလည်း တိုးချဲ့ တည်ဆောက်နေတယ်လို့ တရုတ်သံရုံး ရဲ့ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒါကအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘဂ်လားဒေ့ရှ်နိုင်ငံရဲ့ လျှပ်စစ်မီးရရှိရေးကြိုးပမ်းမှုပါ။ နိုင်ငံတစ်နိုင်ငံမှာ လျှပ်စစ်မီး ဘာကြောင့် အရေးပါသလဲဆိုတာကို ပြန်ကြည့်ရင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍအားလုံးမှာ လျှပ်စစ်မီးက အရေးကြီးကဏ္ဍကနေပါဝင်နေတာပါ။ စီးပွားရေးကဏ္ဍမှာဆိုလည်း အသေးစား စက်မှုလက်မှု လုပ်ငန်း တွေကိုကြည့်မယ်ဆိုလည်း နိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးကြီးကဏ္ဍတစ်ခုအဖြစ် ပါဝင်နေပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး ပြောခဲ့သလိုပါပဲ ဘယ်လုပ်ငန်းမဆို အသေးစားကနေစတင်ပြီး လုပ်ငန်းကြီးတွေ ဖြစ်လာတာပါ။ အသေးစားစက်မှု လက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမှ အကြီးစား လုပ်ငန်းတွေအတွက် ကျောထောက်နောက်ခံ ဖြစ်လာမှာပါ။

ဒီလိုမျိုး အသေးစားစက်မှုလက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ကလည်း လျှပ်စစ်ကအရေးကြီးပါတယ်။ခုလိုမျိုး စက်သုံးဆီစျေးတွေ အဆမတန်မြင့်တက်နေတဲ့ အချိန်ကာလမျိုးမှာ လျှပ်စစ်မရှိရင် ဘယ်လိုမှ မလည်ပတ်နိုင်ပါဘူး။ ဒီအတွက်ကို နိုင်ငံတိုင်းလိုလိုက လျှပ်စစ်ကို အပူတပြင်း လုပ်ဆောင်နေကြတာပါ။

ဘဂ်လားဒေ့ရှ်နိုင်ငံက တစ်နိုင်ငံလုံးမီးလင်းရေးအတွက်ဆောင်ရွက်ခဲ့သလို ပါကစ္စတန်နိုင်ငံကလည်း ပြည်သူ ၅သန်းခန့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆီးပေးနိုင်မယ့် Karot ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည် ဖော်လာပါတယ်။ ဒီစီမံကိန်းကိုလည်း တရုတ်နိုင်ငံအကူအညီနဲ့ တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ တရုတ်သံရုံး ကနေ မေလ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ပါကစ္စတန်မှာရှိတဲ့ Karot ရေအားလျှပ်စစ် စီမံကိန်းကို ဇွန်လအတွင်း တည်ဆောက်ပြီးစီးပါက ဒေသခံ ပြည်သူ ၅သန်းခန့်ရဲ့ ဓါတ်အားလိုအပ်ချက်ဖြည့်ဆည်းနိုင်မှာဖြစ်တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံရှိ Karot ရေအားလျှပ်စစ်စီမံကိန်း အမှတ် (၂) ယူနစ်မှာ စုစုပေါင်းတပ်ဆင်အား ၇၂၀၀၀၀ ကီလိုဝပ် ရှိပြီး နှစ်စဉ်ပျမ်းမျှဓာတ်အား ၃ ဒသမ ၂ ဘီလီယံ kWh ခန့်ထုတ်လွတ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီစီမံကိန်းဟာဆိုရင် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဦးစားပေး အကောင်အထည်ဖော်သည့် စီမံကိန်းနှင့် “The Belt and Road” ၏ ပထမဆုံး အကြီးစား ရေအားလျှပ်စစ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းလည်း ဖြစ်ပါတယ်။

လက်ရှိ Karot ရေအားလျှပ်စစ်စီမံကိန်း အမှတ် (၂) ယူနစ်ကို မေလ ၁၂ ရက်နေ့က စမ်းသပ်လည်ပတ်မှု အဆင်ပြေချောမွေ့စွာ ပြီးစီးခဲ့တဲ့အတွက် ယင်းစီမံကိန်းကို ဇွန်လကုန်မှာ ပါကစ္စတန် မဟာဓာတ်အားလိုင်းနဲ့ တရားဝင်ချိတ်ဆက်၍ ဓာတ်အားဖြန့်ဖြူးနိုင်တော့မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ဆိုရင်လည်း ကွမ်ရှီးဒေသမှာ တိမ်ကောနေသောတောင်ကနေ Photovolatic လျှပ်စစ်ဓာတ်အားပေး စက်ရုံ အဖြစ်ပြောင်းလဲခဲ့ပါတယ်။ ပိုင်စက်မြို့ ထျန်တုံးခရိုင် ကျန်းချန်မြို့ငယ် ၁၀၀ မဂ္ဂါဝပ် Photovolatic လျှပ်စစ်ဓာတ်အားပေးစီမံကိန်းဟာဆိုရင် ဒေသန္တရအစိုရက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်ရဲ့ အရေးပါစီမံကိန်းဖြစ်တယ်လို့ တရုတ်သံရုံးကထုတ်ပြန်ထားပါတယ်။

တရုတ်ယွမ်ငွေသန်း ၅၇၀ (အမေရိကန်ဒေါ်လာ ၈၉ သန်းခန့်) ရင်းနှီးမြှုပ်နှံထားပါတယ်။ နှစ်စဉ် သန့်ရှင်းလျှပ်စစ် စွမ်းအင် ၁၇၁ သန်း kWh ထုတ်လုပ်နိုင်မှာဖြစ်ပြီး နှစ်စဉ် စံနှုန်းမီကျောက်မီးသွေးတန်ချိန်ပေါင်း ၅၃၉၀၀ ခန့်ချွေတာနိုင်မှာ ဖြစ်တယ်လို့လည်း ဆိုထားပြန်ပါတယ်။ တရုတ်နိုင်ငံလို ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုမှာတောင် လျှပ်စစ်မီး ရရှိရေးအတွက် နည်းမျိုးစုံ အသုံပြုနေတာကိုတွေ့ရမှာဖြစ်ပါတယ်။

ဒီနေရာမှာ ပြန်ကြည့်မယ်ဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေကော ဖွံ့ဖြိုးပြီးနိုင်ငံတွေပါ မိမိနိုင်ငံ၊ မိမိဒေသနဲ့ ကိုက်ညီမယ့် နည်းလမ်းတွေကို အသုံးပြုပြီး လျှပ်စစ်မီးရရှိရေး ကြိုးပမ်းနေကြတာကို တွေ့မြင်ရမှာပါ။ နိုင်ငံဖွံ့ဖြိုးရေးအတွက် လျှပ်စစ်မီးဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုအဖြစ် ဖော်ဆောင်နေကြတယ်ဆိုတာ ငြင်းလို့မရပါဘူး။

ကမ္ဘာပေါ်မှာ လျှပ်စစ်ဓာတ်အားကို နည်းလမ်းပေါင်း မျိုးစုံနဲ့ ရယူထုတ်ယူသုံးစွဲနေကြတာကို တွေ့မြင် နေရပါတယ်။ ရေ၊ လေ၊ နေရောင်ခြည်၊ကျောက်မီးသွေး၊ ရေနံနဲ့ နျူကလီးယား တွေကနေ ထုတ်ယူသုံးစွဲ နေကြတာဖြစ်ပါတယ်။ အဲဒီလို လျှပ်စစ်ဓာတ်အားကို နည်းလမ်းပေါင်းစုံနဲ့ ထုတ်လုပ်တဲ့ နေရာမှာ ဘယ်နည်းလမ်း က လူထုအတွက် အန္တရာယ်ကင်းမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း နည်းပါးမှုနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ် အနည်းဆုံးဖြစ်မလဲဆိုတဲ့ အချက်တွေနဲ့ ချိန်ထိုးပြီး တည်ဆောက်ကြရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်လည်း ဓာတ်အားပေးလိုင်း မရောက်တဲ့ အရေအတွက်ဟာ တနိုင်ငံလုံး လူဦးရေရဲ့ ၆၅ ကနေ ၇၀ ရာခိုင်နှုန်းကြား ရှိနိုင်တယ်လို့ နိုင်ငံတကာ စစ်တမ်းတွေက ဖော်ပြပါတယ်။ ဆိုလိုတာက လူ အယောက် ၁၀၀ မှာ ၃ဝ ဝန်းကျင်လောက်ပဲ မီးရရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒါဟာ အရှေ့တောင် အာရှ နိုင်ငံတွေထဲမှာဆို ရာခိုင်နှုန်း အနည်းဆုံး ဖြစ်နေတဲ့ အနေအထား ဖြစ်ပါတယ်။လက်ရှိမှာ ၂၀၃ဝမှာ တစ်နိုင်ငံလုံးမီးလင်းရေး စီမံချက်ကို အကောင်အထည် ဖော်နေတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံဟာဆိုရင် တောတောင်ရေမြေသဘာဝ အရင်းအမြစ်တွေနဲ့ ပြည့်နေတဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ကျွမ်းကျင် ပညာရှင်၊ အဆင့်မြင့်နည်းပညာနဲ့ သဘာဝအရင်းအမြစ်ကို အသုံးချပြီး အစိုးရ၊ ပြည်သူ အဖွဲ့အစည်း တွေ ပူးပေါင်းပြီး ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ မျှော်မှန်းထားတဲ့ ၂၀၃၀ တစ်နိုင်ငံလုံး မီးလင်းရေး စီမံကိန်း ရွေပြည်တော်မျှော်တိုင်းမဝေးနိုင်တော့ပြီဟု ရေးသားအကြံပြုရင်း။

ကောင်းဇေ

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။