Trending Now

စွန့်ပစ်မြေစာပုံအောက် ရေမဆေးကျောက်ရှာနေသည့် အသက် ၅၀ကျော် အမျိုးသားတစ်ဦး မြေစာကျောက်တုံး ထိမှန်သေဆုံး

Spread the love

စွန့်ပစ်မြေစာပုံအောက် ရေမဆေးကျောက်ရှာနေသည့် အသက် ၅၀ကျော် အမျိုးသားတစ်ဦး မြေစာကျောက်တုံး ထိမှန်သေဆုံး

EPN
ဖားကန့်၊ မတ် ၂၀

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ တောင်းကော့(အထက်စဗွေ)မှော် ကျေးရွာ ဧရိယာအတွင်းရှိ စွန့်ပစ်မြေစာပုံတစ်ခုတွင် ယမန်နေ့က ကုမ္ပဏီတစ်ခုမှ မြေစာသွန်ပစ်စဉ် ၎င်းမြေစာပုံအောက်ခြေတွင် ရေမဆေးကျောက်ရှာဖွေသူ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး မြေစာကျောက်တုံးထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့သည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မတ်လ(၁၈)ရက်၊ မွန်းလွဲ (၃)နာရီ အချိန်ခန့်က အဆိုပါကျေးရွာအနီးရှိ ပွင့်ထူးစံကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံ၌ ကုမ္ပဏီမြေသယ်ယာဉ်မှ မြေစာများသွန်ပစ်နေစဉ် ၎င်းမြေစာပုံ၏ အောက်ခြေ အနက် ပေ (၂၅၀) ခန့်တွင် ရေမဆေးကျောက်ရှာဖွေနေသည့် ကရင်ချောင်ကျေးရွာနေ၊ အသက် (၅၆)နှစ်အရွယ်ရှိ ဦးဆယ်ပို ဆိုသူအား အလေးချိန် (၃၀)ပိသာခန့်ရှိ မြေစာကျောက်တုံးလိမ့်ကျထိမှန်ခဲ့ပြီး ခါးထိမှန်ဒဏ်ရာနှင့် ကိုယ်ခန္ဓာအတွင်းကြေဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

ဖားကန့်ကျောက်စိမ်းမှော်ဒေသ၌ ယခုလိုပွင့်လင်းရာသီရောက်ရှိချိန် ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းများလုပ်ကိုင်နေချိန်တွင် အနယ်နယ်အရပ်ရပ်မှ ရေမဆေးကျောက်ရှာဖွေသူဦးရေ သုံးသိန်းနီးပါး ရှိကြောင်းနှင့် ၎င်းတို့သည် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများ၏ စွန့်ပစ်မြေစာပုံများ၊ ကုမ္ပဏီလုပ်ကွက်များအလုပ်နားချိန်တွင်လည်း လုပ်ကွက်အတွင်း အချိန်ပိုင်းခေတ္တဝင်ရောက်၍ ရှာဖွေလုပ်ကိုင်နေကြောင်း ဒေသခံများထံမှ သိရသည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။