Trending Now

ခရိုင်အဆင့်ဖြစ်လာသော်လည်း ချီဖွေ၌ လိုအပ်ချက်ရှိနေသေးသည့် ဆက်သွယ်ရေး ဖုန်း၊ အင်တာနက်လိုင်းများ

Spread the love

ခရိုင်အဆင့်ဖြစ်လာသော်လည်း ချီဖွေ၌ လိုအပ်ချက်ရှိနေသေးသည့် ဆက်သွယ်ရေး ဖုန်း၊ အင်တာနက်လိုင်းများ

EPN
သတင်းဆောင်းပါး

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်

ကချင်အထူးဒေသ (၁)အတွင်း ခရိုင်အဆင့်ဖြစ်လာသည့် ချီဖွေမြို့နယ်တွင် ဆက်သွယ်ရေး ဖုန်း၊ အင်တာနက် တို့ကို ဦးစားပေး ကဏ္ဍတစ်ခုအဖြစ် ဆောင်ရွက်ပေးရန် ဒေသခံပြည်သူများက လိုလားနေကြသည်။

ယခင်မြစ်ကြီးနားခရိုင်အောက် မြို့နယ်အဆင့်သာရှိသည့် ချီဖွေမြို့နယ်အား ယခုနှစ်ပိုင်းအတွင်း ခရိုင်အဆင့်သို့ တိုးမြှင့်လိုက်ပြီး‌နောက် သက်ဆိုင်ရာမှ ဒေသဖွံ့ဖြိုးမှု လုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေးနှင့် လမ်း၊ တံတားတည်ဆောက်ရေးများကို ဆောင်ရွက်နေသည်ကို တွေ့မြင်ရသည်။

ထို့သို့ ဒေသဖွံ့ဖြိုးရေးအတွက် ကဏ္ဍအသီးသီး ဆောင်ရွက်ပေးနေသလို ဒေသအတွင်း နေထိုင်သည့် ပြည်သူများ၏ အခက်အခဲ၊ လိုအပ်ချက်တစ်ခုဖြစ်သည့် ဆက်သွယ်ရေး ဖုန်း၊ အင်တာနက် လိုင်းများ ကောင်းမွန်စွာ အသုံးပြုနိုင်အောင် သက်ဆိုင်ရာမှ အမြန်ဆုံး ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြခြင်း ဖြစ်သည်။

“ကျနော်တို့ ချီဖွေမြို့နယ်အတွင်းက ဒေသတော်တော်များများမှာ ဖုန်းဆက်လို့ မရဘူး၊ တချို့နေရာမှာဆို ဟိုးအရင်ထဲက အခုချိန်ထိ မ‌ရသေးဘူး။ တရုတ်နိုင်ငံက ထုတ်တဲ့ ဝေါ်ကီတော်ကီလို့ခေါ်တဲ့ (စကားပြောစက်) နဲ့ တရုတ်ထုတ် ဆင်းကဒ်တွေ သုံးနေရတယ် အဆင်မပြေဘူး လိုင်းမမိဘူး၊ အဲ့ဒီ စကားပြောစက် ဖုန်းတွေ ကလည်း အမြဲတမ်း အဆင်မပြေဘူး အဲ့တာကြောင့် ကျနော်တို့ ဒေသကို ခရိုင်အဆင့်တိုးမြှင့်တဲ့ အခါမှာ ဒေသရဲ့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ ဖုန်းလိုင်းတွေ ရရှိဖို့ အဓိကထားပြီး လုပ်ဆောင်စေချင်တယ်”ဟု ဒေသခံတစ်ဦးက ပြောပြသည်။

ယခင်က ချီဖွေမြို့နယ်အတွင်း ဒေသခံပြည်သူများအတွက် ဆက်သွယ်ရေး ဖုန်းလိုင်းများ ရရှိရန်အတွက် ဒေသခံ ကုမ္ပဏီတစ်ခုက တာဝန်ယူ ဆောင်ရွက်နေသော်လည်း လက်ရှိ ဖြစ်ပွားနေသည့် နိုင်ငံရေး အခြေအနေကြောင့် သက်ဆိုင်ရာ အစိုးရ အဖွဲ့မှ ခေတ္တရပ်ဆိုင်းထားရန် ညွှန်ကြားထားသည့်အတွက် ဆိုင်းငံ့ ထားကြောင်း ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ခဲ့သည့် ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ချီဖွေမြို့သည် မြစ်ကြီးနားနှင့် ၇၈ မိုင်ခန့်သာ ဝေးပြီး မော်တော်ယာဉ်ဖြင့် ၃နာရီခန့်သာ မောင်းနှင်ရုံဖြင့် ရောက်ရှိသည့်ဒေသတစ်ခုဖြစ်သည်။ ထိုချီဖွေမြို့နယ်တွင် ချီဖွေမြို့ပေါ်တွင်သာ WCDMA, MPT, ATOM ဖုန်းလိုင်း၊ အင်တာနက်လိုင်း ရရှိပြီး ချီဖွေအထက် ၄ မိုင်ကစ၍ မည်သည့် ဖုန်းလိုင်းမှ မမိတော့ကြောင်း သိရသည်။

အဆိုပါ ဒေသသို့ ကုန်ပို့၊ ခရီးသည်တင် ယာဉ်မောင်းတစ်ဦးကလည်း “လမ်းကတော့ တော်တော်များ ကောင်းသွားပြီ၊ အရင်ကထက်စာရင် အများကြီးကောင်းသွားပြီလို့ ပြောလို့ရတယ်၊ ဒါပေမယ့် အင်တာနက် မပြောနဲ့ ဆက်သွယ်ရေး ဖုန်းလိုင်းတောင် မကောင်းတော့ လမ်းခရီးမှာ တစ်ခုခုဖြစ်လို့၊ တစ်ခုခုဖြစ်လို့ဆိုတာက ကားပျက်တာတို့၊ တောင်ပြိုလမ်းပိတ်နေတာတို့ ဆိုရင် ဆက်သွယ်ပြောဆိုဖို့ တော်တော်လေးကို အခက်အခဲဖြစ်ရတယ်” ဟု ပြောပြသည်။

ချီဖွေမြို့နယ်အား ခရိုင်အဆင့် တိုးမြှင့်ခဲ့သတ်မှတ်ခဲ့ပြီးနောက်တွင် ချီဖွေ ခရိုင်မှူး နှင့် ဌာနဆိုင်ရာများ၊ ဒေသအဖွဲ့အစည်းများက ဒီဇင်ဘာ (၈)ရက်နေ့က ချီဖွေမြို့နယ် အတွင်း၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမူများအား မြေပြင်ကွင်းဆင်း စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဒေသခံ ရပ်ကျေးတာဝန်ရှိသူများ ရပ်မိရပ်ဖတို့နှင့် တွေ့ဆုံ အစည်းဝေး တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုတွေ့ဆုံပွဲတွင် ဌာနဆိုင်ရာနှင့် ဒေသအဖွဲ့အစည်းများက လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများကို လက်ရှိဆောင်ရွက်နေသည့် အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဥ်များကို ဒေသခံပြည်သူများအား ချပြဆွေးနွေးခဲ့သော်လည်း ဆက်သွယ်ရေး ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဆောင်ရွက်မည့်ကိစ္စကို ထည့်သွင်း မဆွေးနွေးဖြစ်ခဲ့ကြောင်း အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ဒေသခံပြည်သူများထံ က သိရသည်။
အထူးသဖြင့် ချီဖွေမြို့နယ်အတွင်း တစ်ရွာနှင့် တစ်ရွာ အလှမ်းဝေးသည့် ချီဖွေ-ဖီမော် လမ်းပိုင်းရှိ ကျေးရွာများတွင် ဖုန်းလိုင်းများ လုံး၀ မရရှိသေးကြောင်း ဒေသခံများထံက သိရသည်။

“ဖုန်းလိုင်းမရှိတော့ ရပ်ရေးရွာရေးကိစ္စပဲဖြစ်ဖြစ်၊ လူမှုရေးကိစ္စပဲဖြစ်ဖြစ် တစ်ဘက်ရွာက လူတွေကို ပြောချင်ပြီဆိုရင် တစ်နာရီ၊ နှစ်နာရီလောက် ဆိုင်ကယ်မောင်းပြီး သွားသွားပြောရတယ်၊ ဖုန်းရှိပြီ ဆိုရင် အဲဒီဒုက္ခတွေ ကင်းဝေးသွားမှာ ဟုတ်တယ်၊ သာရေး နာရေးကိစ္စက အစ ဖုန်းလိုင်းမရှိတော့ အချိန်မှီ အကြောင်းကြားဖို့ မလုပ်နိုင်ဘူး၊ ဖုန်းလိုင်း အမြန်ရချင်တယ်” ဟု ထွန်းရှိန်ရွာသားတစ်ဦးက ပြောသည်။

ယင်းဒေသများ၌ ဖုန်းလိုင်းများရရှိပြီဆိုပါက ဒေသတွင်း ဆက်သွယ်ရေး လမ်းကြောင်းများ တိုးတက်လာပြီး အခြားမြို့နယ်များနှင့် လူမှုရေး၊ စီးပွားရေး ကိစ္စရပ်များအပါအဝင် ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍများကိုပါ လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်နိုင်ကြမည် ဖြစ်ပါသည်။

စာရေးသူအနေဖြင့်လည်း မကြာခဏ သွားရောက်စဉ်ကာလတိုင်း အရေးတကြီး လုပ်ငန်းအတွက် ဖုန်းဆက်သွယ်၍မရသဖြင့် များစွာ အခက်တွေ့ရသည်။ ယင်းပြဿနာကြောင့် ဒေသခံပြည်သူများဆိုလျှင် နေ့စဉ်ဓူဝ ဖုန်းဆက်သွယ်ရေး အသုံးမပြုနိုင်သဖြင့် အခြားသောဒေသများထက် လူမှုစီးပွားဘဝ များစွာ နောက်ကျန်ရစ်နေသည်ကို မြင်တွေ့ရသည်။
ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ကျေးရွာများ ဖြစ်ကြသည့် ဖီမော်၊ နိုဇွန်ဘော်၊ ထွန်းရှိန်၊ ဂွမ်ဂွင်း၊ ဗွေလပ်၊ လရှီး၊ ထော့ကော့၊ အစရှိ သည့် ကျေးရွာ အုပ်စုတို့တွင် ဆက်သွယ်ရေး ဖုန်းလိုင်းများ မရရှိ‌သေးသည့် အတွက် သက်ဆိုင်ရာမှ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးစားပေးကဏ္ဍတစ်ခု အနေဖြင့် ထည့်သွင်း ဆောင်ရွက်ပေးရေး ဒေသခံများ လိုလားနေကြသည်။

ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးတို့သည် အဓိကကျသည့် နည်းတူ ဆက်သွယ်ရေး ဖုန်း၊ အင်တာနက် လိုင်းများသည်လည်း မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်ပါသည်။

ယခင်က မြို့နယ်အဆင့်သာ ရှိသည့် ချီဖွေသည် ယခုအခါ ခရိုင်အဆင့် ဖြစ်လာပြီ ဖြစ်၍ ဒေသအတွင်း နေထိုင်သည့် ပြည်သူများ၏ အခက်အခဲ၊ လိုအပ်ချက်တစ်ခုဖြစ်သည့် ဆက်သွယ်ရေး ဖုန်း၊ အင်တာနက် လိုင်းများ ကောင်းမွန်စွာ အသုံးပြုနိုင်ရေး သက်ဆိုင်ရာမှ အမြန်ဆုံးဆောင်ရွက်ပေးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။