Trending Now

ချီဖွေမြို့နယ်၊ အ.ထ.က (နိုဇွန်ဘော်) မှ ဆယ်တန်းဖြေဆိုသူ အားလုံး စာမေးပွဲအောင်မြင်

Spread the love

ချီဖွေမြို့နယ်၊ အ.ထ.က (နိုဇွန်ဘော်) မှ ဆယ်တန်းဖြေဆိုသူ အားလုံး စာမေးပွဲအောင်မြင်

EPN
ချီဖွေ၊ ဇွန် ၁၂

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ နိုဇွန်ဘော်ကျေးရွာ၊ နိုဇွန်ဘော် အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၂-၂၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ အားလုံး အောင်မြင်ခဲ့‌ကြောင်း သိရသည်။

အခြေခံပညာ အထက်တန်းကျောင်း (နိုဇွန်ဘော်)မှ ကျောင်းသား၊ ကျောင်းသူ တစ်ဆယ့်နှစ်ဦး ဖြေဆိုခဲ့ရာ အားလုံး အောင်မြင်ခဲ့ပြီး ယင်းအနက် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသူ နှစ်ဦးလည်း ပါဝင်ကြောင်း ‌နိုဇွန်ဘော် အထက်တန်းကျောင်းမှ ကျောင်းအကျိုးတော်ဆောင် တစ်ဦးထံက သိရသည်။

“ကျွန်တော်တို့ နိုဇွန်ဘော်ကျောင်းက ဆယ့်နှစ်ဦးဖြေတာ အကုန်အောင်တယ်။ အရမ်းကို ဂုဏ်ယူမိတယ်။ ဂုဏ်ထူးနဲ့ အောင်သူ နှစ်ဦးလည်း ပါတယ်။ 3D၊ 1D၊ နဲ့ အောင်မြင်ခဲ့ကြတယ်။ ဒီအတွက် အရမ်းကို ဝမ်းသာ ပီတိလည်း ဖြစ်ရတယ်” ဟု ၎င်းက ပြောပြသည်။

ယခုကဲ့သို့ အောင်ချက်ရာခိုင်နှုန်း အပြည့် အောင်မြင်အောင် ကြိုးစားသင်ပြပေးသည့် ဆရာ၊ ဆရာမများနှင့်‌ ပညာရေးကဏ္ဍတို့တွင် လိုအပ်သည့် အခက်အခဲများကို လူအင်အား၊ ငွေအင်အားဖြင့် တာဝန်ယူ ဆောင်ရွက်ပေးသည့် ဒေသအကြီးအကဲများကိုလည်း ကျောင်းသား၊ ကျောင်းသူ မိဘများကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း ဒေသခံ ရပ်မိရပ်ဖ တစ်ဦးကလည်း ယခုကဲ့သို့ ပြောသည်။

“၂၀၂၂/၂၀၂၃ ပညာသင်နှစ် အထက နိုဇွန်ဘော်ကျောင်းမှာ စနစ်ဟောင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ ၁၂ ဦးလုံး အောင်မြင်ခဲ့ပါတယ်။ ဒီလို ရာနှုန်းပြည့်အောင်မြင်ဖို့အတွက် နေ့ည အချိန်ပြည့် စာသင်ပေးကြသော ကျောင်းအုပ်ဆရာကြီးနဲ့တကွ ဆရာ/မ များအားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ပြီး ကျောင်းသူ /သားတွေ အားနည်းနေတဲ့ သင်္ချာဘာသာရပ်ကို အထူးအားဖြည့်ပြီး လာရောက်ပို့ချ သင်ကြားပေးပါသော ဆရာဆွပ်အောင်ဆင်းနဲ့ နည်းပြလုပ်ပေးသော ဆရာ/မ‌ တွေကိုလည်း ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။

အထူးသဖြင့် ကျောင်းရဲ့ လိုအပ်ချက် ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူတွေရဲ့ လိုအပ်ချက်တွေကို နှစ်စဥ်နှစ်တိုင်း အစစအရာရာ ပံ့ပိုးထောက်ပံ့ ကူညီပေးနေတဲ့ လွတ်တော်ကိုယ်စားလှယ်ကြီး ဦးဇခုန်ယိန်းဆောင်နဲ့ ဆန်းလင်းကုမ္ပဏီ အဖွဲ့သားတွေကို ကျေးဇူးအထူးတင်ပါတယ်။ အဲဒီလိုပဲ ကျောင်းမှာ လိုအပ်တဲ့ အရာမှန်သမျှကို ဝိုင်းဝန်းကူညီပေးနေကြတဲ့ ဒေသခေါင်းဆောင်တွေ အားလုံး၊ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးအထူးတင်ပါတယ် ” ဟု ဒေသခံ ရပ်မိရပ်ဖ ဦးထွန်းရှိန်ယော်ခေါက ဆိုသည်။

အဆိုပါ နိုဇွန်ဘော်ကျောင်း အောင်ချက် မြင့်မားစေရေးအတွက်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးဇခုန်ယိန်းဆောင်
မှ နှစ်စဉ် ပညာရေးထောက်ပံ့ငွေများ ပံ့ပိုးကူညီပေးနေသည့်အပြင် မကြာခဏ ကျောင်းသား ကျောင်းသူများကို လာရောက်တွေ့ဆုံကာ စိတ်ခွန်အားရရှိစေသည့် အားပေးစကား ပြောကြားပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁-၂၂ ပညာသင်နှစ်ကလည်း အခြေခံပညာအထက်တန်းကျောင်း (နိုဇွန်ဘော်) ကျောင်းမှ ကျောင်းသား ကျောင်းသူ (၉) ဦး အောင်မြင်ခဲ့ကြောင်းနှင့် ယခု ၂၀၂၂ -၂၃ ပညာသင်နှစ်တွင် (၁၂) ဦး ဖြေဆိုရာ (၁၂) ဦးလုံး အောင်မြင်ခဲ့သည့် အပြင် ဂုဏ်ထူးဖြင့် အောင်မြင်သူ နှစ်ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

မြတ်မင်း
ဓာတ်ပုံ – ယခင်နှစ် ကျောင်းသား၊ ကျောင်းသူများကို သွားရောက်တွေ့ဆုံခဲ့သည့်ပုံ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။