Trending Now

ပြည်သူကို ပြည်သူလို မြင်ကြပါစေ

Spread the love

ပြည်သူကို ပြည်သူလို မြင်ကြပါစေ

EPN
အယ်ဒီတာ့အာဘော်၊ ၂၀၂၂ခုနှစ်၊ မေလ ၃၀ ရက်

ယခုရက်ပိုင်းအတွင်း PDF များနှင့် လက်နက်ကိုင် အဖွဲ့အစည်းများမှ နိုင်ငံအစိုးရဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရဲများနှင့် ပြည်သူ့စစ်များကို တာဝန်မှ နှုတ်ထွက်ရန်၊ နှုတ်ထွက်ခြင်း မပြုပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြသနာအကျိုးဆက်များကို တာဝန်ယူမည်မဟုတ်ဆိုသည့် ခြိမ်းခြောက်စာ များကို ဆိုရှယ်မီဒီယာစာမျက်နှာပေါ်ရှိ သတင်းစာမျက်နှာများတွင် အများအပြား တွေ့မြင်လာရသည်။

ဝန်ထမ်းဆိုသည်မှာ နိုင်ငံနှင့်ပြည်သူ့အကျိုးကို ကိုယ်စားပြုသော ဝန်ထမ်းများဖြစ်သည်။ ပြည်သူ့ အခွန်ငွေများဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြားခံ ဆောင်ရွက်ပေးနေကြသူများ ဖြစ်သည်။ ခြိမ်းခြောက်စာ များတွင် လက်ရှိ အစိုးရ ပျက်သုဉ်းရေးရည်ရွယ်၍ ဝန်ထမ်းများကို နှုတ်ထွက်ရန် တိုက်တွန်း မှုများကို တွေ့မြင်နေရသည်။ ဝန်ထမ်းများနှုတ်ထွက်ပါက အစိုးရပျက်သုဉ်းရေးထက် အမှန်တကယ် လက်တွေ့ ခံစားရမှာက နိုင်ငံတော်နှင့် ပြည်သူပင်ဖြစ်သည်။ ထိုယန္တရား တစ်ခုပျက်စီးပါက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု နောက်ကျစေမည့်အပြင် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်ပို့ဆောင်မှုများက အစ ယခုထက်ပိုမို၍ ဒုက္ခအကျိုးကို ခံစားရမည်မှာ ပြည်သူလူထုသာဖြစ်သည်။

ဝန်ထမ်းများ၏ဘဝကို စာနာကြည့်ပါကလည်း မိသားစုအရေးနှင့် အကြောက်တရားရော၍ ကျီးလန့်စာစား ဘဝများဖြစ်နေကြသည်။ မိသားစုဝမ်းရေးအရ နှုတ်ထွက်ရန်မဖြစ်နိုင်သလို တစ်ဖက်ကလည်း စိုးရိမ်မှု ပေါင်းစုံဖြင့် ကြုံတွေ့နေရသည်။ ဒီမိုကရေစီကို အမှန်တကယ်လိုလားသည် ဆိုပါက ဒီမိုကရေစီ နည်းလမ်းကျကျ ဆောင်ရွက်သင့်ပေသည်။ ပြည်သူကိုလည်း လွတ်လပ်စွာကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးသင့်ပေသည်။

လက်နက်ကိုင် အုပ်ချုပ်မှုကို မလိုလားသသည့်အတွက် တော်လှန်ရေးလုပ်သူများအနေဖြင့် လက်နက်ဖြင့် ခြိမ်းခြောက်မှုများကို ပြုလုပ်လာသည်မှာ မသင့်လျော်ဟု ထင်မြင်သုံးသပ်မိပါသည်။ ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ကလည်း အင်းတော်ကြီးဒေသရှိ အ.ထ.က(နန့်မွန်း) ကျောင်းဝန်းအတွင်း အင်းတော်ကြီး PDF အကြမ်းဖက်အဖွဲ့မှ ခြိမ်းခြောက်စာတစ်စောင်နှင့် လက်လုပ်မိုင်းတစ်လုံး ချထားခဲ့သည်ဟု သတင်း စာမျက်နှာများ ပေါ်တွင် တွေ့မြင်ခဲ့ရသည်။ ဆရာ/ဆရာမများအနေဖြင့် သတိပေးသည့်ကြားက အတင်းဖွင့်မည် ဆိုပါလျှင် ကြည်ဆံများ မိုင်းများက ခွင့်လွှတ် နေမည်မဟုတ်ကြောင်း ဖြစ်လာမည့် အကြိုးဆက်များသည် ဆရာ/ဆရာမ တို့အပေါ်မူတည်ပြီး ဆရာ/ဆရာမ တို့၏ လုံးဝတာဝန်သာ ဖြစ်သည်ဆိုသည့် စာသားကိုလည်း ထိုစာထဲတွင် တွေ့ရှိရပေသည်။ လက်နက်ဖြင့်ခြိမ်းခြောက်သည့် အခြေအနေထိ ရောက်ရှိနေပေသည်။

ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ ဆိုသည်မှာလည်း နိုင်ငံတော်အတွက် အနာဂါတ်လူငယ် လူရွယ်များကို မွေးထုတ်ပေးနေသည့် သူများဖြစ်ပါသည်။ ယခုကဲ့သို့ စစ်ကျွန်ပညာရေးကို အလိုမရှိဟု ဆိုကာ ကလေးငယ်များကို ပညာမသင်ကြားစေရဆိုပါလျင် သေချာသည်မှာ နိုင်ငံတော်အတွက် ပညာတတ် လူငယ်လူရွယ်များ မျိုးဆက်တစ်ခု ပျက်သုဉ်းသွားပေလိမ့်မည်။ ကမ္ဘာ့အလယ်တွင်လည်း မျိုးဆက်တစ်ခု နောက်ကျ ကျန်သည့် အဖြစ်သို့ ရောက်ရှိပေလိမ့်မည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အဟန့်အတား တစ်ခု ဖြစ်သွားနိုင်ပေသည်။အဘက်ဘက်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေချိန်တွင် နိုင်ငံအတွက် အနာဂတ် မျိုးဆက်သစ်လူငယ်များ ထပ်မံဆုံးရှုံးရမည်ဆိုပါက မတွေ့ဝံ့စရာပင်။

နောက်တစ်ချက်မှာ လက်ရှိခန့်အပ်ထားသော မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို မကြိုက်နှစ်သက်ပါက ပြည်သူကရွေးချယ်ခြင်း နည်းလမ်းကိုသာ အသုံးပြုသင့်သည်ဟု ရှု့မြင်ပါသည်။ လက်နက်ကိုင် သတ်ဖြတ်ခြင်းသည် လွဲမှားသော နည်းလမ်းတစ်ခုသာ ဖြစ်သည်ဟု သုံးသပ်မိပါသည်။ အသတ်ခံရသူ၏ နောက်တွင် ကျန်ရှိခဲ့သော မိသားစုများကိုလည်း ထည့်သွင်းစဉ်းစား စေလိုပါသည်။ မြို့နယ်/ရပ်ကျေး အုပ်ချုပ်ရေးမှူး ဆိုသည်မှာလည်း မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် အရေးကြီးပါသည်။

ယခုလိုနိုင်ငံရေး မတည်ငြိမ်သော အချိန်ကာလမျိုးတွင်ပို၍ အရေးကြီးလှပေသည်။ တောမီးလောင် တောကြောင် လက်ခမောင်းခတ် ဆိုသည့်အတိုင်း နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်အရေးယူ၍ အမြတ်ထုတ်ချင် နေသော မသမာသူများ၏ အန္တရာယ်ကို ကာကွယ်ရန် အရေးကြီးသော ကာလ တစ်ခုလည်း ဖြစ်ပါသည်။ မြို့၊ ရပ်ကွက်၊ ကျေးရွာ အတွင်း ခိုးဆိုး၊ လုနှိက်မှုများ၊ မူးယစ်ဆေးဝါးကို တရားဝင်သဖွယ် ပေါ်တင် သုံးစွဲ လာမှုများ အတွက် အစိုးရမှတာဝန်ယူနိုင်မှု အားနည်းနေသည်ကို တွေ့ရသည်။ ရပ်ကွက်နေ ပြည်သူများမှ စ၍ အုပ်ချုပ်ရေး အဆင့်ဆင့် တာဝန်ရှိသူအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်မှ သာလျင် မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်း တည်ငြိမ်အေးချမ်းမှုကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။

ထို့ကြောင့် ဒီမိုကရေစီကို လိုလားသူများအနေဖြင့် ဒီမိုကရေစီကို ဒီမိုကရေစီလိုကျင့်သုံးနိုင်ပြီး၊ပြည်သူကို ပြည်သူအဖြစ်ဖြင့်သာ ရှုမြင်စေလိုသော စိတ်ဆန္ဒဖြင့်……

အယ်ဒီတာအာဘော်
ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် (EPN)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။