Trending Now

ရှင်ဗွေယန် – နန်းယွန်းသွားလမ်းတွင် ဟန်းဂေါပိုက်များ တူးဖော်ခိုးယူမှုကြောင့် လမ်းပိုင်းအချို့ ပျက်စီးမှုရှိနေ

Spread the love

ရှင်ဗွေယန် – နန်းယွန်းသွားလမ်းတွင် ဟန်းဂေါပိုက်များ တူးဖော်ခိုးယူမှုကြောင့် လမ်းပိုင်းအချို့ ပျက်စီးမှုရှိနေ

EPN
မြစ်ကြီးနား၊ ဇူလိုင် ၄

ကချင်ပြည်နယ်၊ ရှင်ဗွေယန်မြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့သို့ သွားသည့်လမ်းကြားတွင် ဟန်းဂေါပိုက်များကို တူးဖော်ခိုးယူနေသည့်အတွက် လမ်းပိုင်းအချို့ ပျက်စီးမှုများရှိနေကြောင်း သိရသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နယ်စပ် လီဒိုလမ်းမကြီးတွင် ဒုတိယကမ္ဘာစစ်ကတည်းက ဆောက်လုပ်ထားသည့် ရေမြောင်းများကို သံပိုက်များဖြင့်သာ ပြုလုပ်ထားခြင်းဖြစ်ပြီး၊ ၎င်းသံပိုက်များကို သံတိုသံစ ရောင်းဝယ်သူများမှ တူးဖော်ခိုးယူခဲ့ကြသောကြောင့် ပြည်သူ များသွားလာသည့် လမ်းပိုင်းအချို့နေရာများ ပျက်စီးမှုရှိနေကြောင်း ခရီးသွားပြည်သူတစ်ဦးထံမှ သိရသည်။

” သံတိုသံစ ရောင်းစားတဲ့သူတွေက တူးကြတာ‌ဟုတ်တယ်။ သူတို့က တောထဲမှာအိပ်ပြီး လူသွားလူလာမရှိတဲ့အချိန် ညသန်းခေါင်ယံတွေမှာ တူးနေတာ။ အခုဆို ရှင်ဗွေယန်ဘက်နားက ၅ မိုင်တံတားအနီးက သံပိုက်တွေ တူးလိုက်တော့ ရေတိုက်စားပြီး ပြိုကျကုန်ပြီ။ ခရီးသွား ဖို့တောင်ဆင်မပြေတော့ဘူး။ ပြီးတော့ နန်းယွန်းရောက်ခါနီးမှာလည်း တူးထားကြတယ်။ ဟိုပန်ဆောင်သွားတဲ့ လမ်းပိုင်းအချို့တွေမှာရော တူးထားကြတယ်။ ဒီလိုမျိုး လုပ်တာက တကယ်မကောင်းတဲ့ လုပ်ရပ်ပဲ။ အများ အသုံးပြုနေတဲ့ လမ်းကိုဖျက်စီးတာက အရေးယူသင့်တယ်။ အခုလည်း တာဝန်ရှိတဲ့သူတွေက စစ်ဆေးပြီး ထပ်မလုပ်အောင် တားဆီးစေချင်တယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ ပျက်စီးသွားသည့် လမ်းများကြောင့် ခရီးသည်ကားများ သွားလာရခက်ခဲနေရပြီး ဆက်လက်ပြိုကျမှုရှိပါက သွားလာမှု ပိတ်ထားရမည့်အခြေအနေရှိကြောင်းနှင့် ၎င်းကဲ့သို့ သံပိုက်များကို တူးဖော်ခိုးယူနေသူများနှင့် ဝယ်ယူသူများကို တာဝန်ရှိသူများမှ စစ်ဆေးပြီး အရေး ယူဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများက လိုလားနေကြသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင်လည်း တနိုင်း – ရှင်ဗွေယန်သွားလမ်းကြားရှိ ဟန်းဂေါပိုက်များကို တူးဖော်ခိုးယူခဲ့သည့်အတွက် လမ်းပြိုကျမှုရှိခဲ့ပြီး၊ ကားကြီးများ သွားလာဖြတ်သန်းရန် ခက်ခဲ‌မှုများရှိခဲ့ကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။