Trending Now

မြစ်ကြီးနားမြို့တွင် လျှပ်စစ်ဗို့အား ကျဆင်းသည့် နေအိမ်များ မီးမြှင့်စက်သုံးစွဲခဲ့မှုကြောင့် မီတာခ နှစ်ဆကျော်မြင့်တက်မှုနှင့်ကြုံတွေ့နေရ

Spread the love

မြစ်ကြီးနားမြို့တွင် လျှပ်စစ်ဗို့အား ကျဆင်းသည့် နေအိမ်များ မီးမြှင့်စက်သုံးစွဲခဲ့မှုကြောင့် မီတာခ နှစ်ဆကျော်မြင့်တက်မှုနှင့်ကြုံတွေ့နေရ

EPN
မြစ်ကြီးနား ၊စက်တင်ဘာ ၁၉

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့နယ်တွင် လျှပ်စစ်ဗို့အား ကျဆင်းသည့် နေအိမ်များ မီးမြှင့်စက်သုံးစွဲခဲ့မှုကြောင့် အိမ်သုံးမီတာယူနစ်များ နှစ်ဆခန့်မြင့်တက်လာပြီး မီတာကြေးများ မြင့်တက်လာကြောင့် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်ရှိ မီးသုံးစွဲသူပြည်သူများထံမှ သိရသည်။

ဘူးဂါးလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှပြီးခဲ့သည့် ဩဂုတ်လ အတွင်း ချီဖွေငယ် ရေအားလျှပ်ဓါတ်အားလိုင်း စက်ရုံပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် မြို့ပေါ်ရပ်ကွက်များ ဗို့အားကျဆင်းခဲ့သည့်အတွက် မီးသုံးစွဲသူများအနေဖြင့် မီးမြှင့်စက်များအသုံးပြုခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ မီးမြှင့်စက်များသုံးစွဲပြီးနောက် မီတာယူနစ်များမှာ ယခင်ထက် နှစ်ဆ မြင့်တက်လာပြီး ယခုလအတွက်မီတာကြေး ကောက်ခံမှုမှာ အဆမတန် များပြားလာကြောင်း သိရသည်။

“ဘာကြောင့် လျှပ်စစ် အိမ်သုံးမီတာယူနစ် တွေ တက်နေလည်း စဉ်းစားမရဘူး အရင်လက ခုနှစ်သောင်းကျော်ဆောင်ရတယ် အခုလ တစ်သိန်းခွဲကျနေတယ် မီးလည်း ပြတ်လိုက်လာလိုက်နဲ့ မီးအားလည်း မပြည့်ဘူး အိမ်မှာတော့ မီးအားမြှင့်စက်ခံသုံးတယ် အဲ့ဒါကြောင့် မီတာယူနစ်တက်တာလား မသိဘူး”ဟု ခေမာသီရီရပ်ကွက်မှ လျှပ်စစ်မီးသုံးစွဲသည့် ပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မြို့ပေါ်ရပ်ကွက်အများစုမှ နေအိမ်များတွင် ယခုလအတွက် မီတာကြေးကောက်ခံမှုမှာ များပြားနေသည့်အတွက် ကုမ္ပဏီအနေဖြင့် ဖြေရှင်းပေးရန် တောင်းဆိုမှုများ ရှိနေကြောင်း မီးသုံးစွဲသူများထံမှ သိရသည်။
ဘူးဂါးလျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ် ဗို့အားကျဆင်းသည့် ရပ်ကွက်များတွင် ဗို့အားပြည့်မီရေးအတွက် ပြုပြင်လုပ်ဆောင်မှုများရှိနေသလို ဗို့အားကျဆင်းသည့်အချိန်များတွင် မလိုအပ်ဘဲ မီးအားမြှင့်စက်များ အသုံးမပြုရန်နှင့် မီးအားမြှင့်စက်အသုံးပြုပါက မီတာခ ပိုမိုကုန်ကျနိုင်ကြောင်း သတိပေးပြောဆိုထားသည်။

“မီးအားမြှင့်စက်သုံးရင်တော့ မီးမြှင့်စက်ကို တစ်ခါပြန်ပြီးဖြတ်ရတဲ့အခါကျတော့ သူရဲ့ ကုန်ကျစရိတ်က နည်းနည်းပိုတာပေါ့ ဗို့အားကျတဲ့အချိန်မှာ မီးမြှင့်စက်သုံးမယ်ဆိုရင် မလိုအပ်တဲ့အချိန်မှာ မီးအားမြှင့်စက်ကိုတင်ထားပြီး သုံးတာမျိုးကို မလုပ်ဖို့တော့လိုမယ် ကိုယ်လိုအပ်မယ့်အချိန်မှာ သုံးပြီးရင် မီးမြှင့်စက်ကို Normal အတိုင်းထားဖို့တော့လိုတယ် မဟုတ်ရင်တော့ မီတာခတွေက ပိုပြီးတော့ ကုန်ကျနိုင်တဲ့အတွက် မီးသုံးစွဲသူတွေနဲ့ ဒါတွေကို သတိထားဖို့ လိုအပ်တယ်”ဟု တာဝန်ရှိသူတစ်ဦးက ရှင်းပြပြောဆိုသည်။

မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များဖြစ်သည့်ခေမာသီရိ၊ကြက်ပေါင်ခြံ၊ ရမ်ပူ၊ လယ်ကုန်း၊ ဇီးကျွန်း စသည့် ရပ်ကွက်အများစုတွင် ပုံမှန်ထက် ဗို့အားကျဆင်းမှုများဖြစ်ပေါ်လျက်ရှိသည့် အတွက် လျှပ်စစ်မီးသုံးစွဲသည့် ပြည်သူများအနေဖြင့် မဖြစ်မနေ မီးမြှင့်စက်များကို အသုံးပြုနေရခြင်းကြောင်း မီတာခများ အဆမတန် များပြားလျက်ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။