Trending Now

ကမ္ဘာတစ်ဝန်းမှာ ပြင်းထန်တဲ့ ရာသီဥတုဖောက်ပြန်မှုနဲ့ ရင်ဆိုင်နေရ

Spread the love

ကမ္ဘာတစ်ဝန်းမှာ ပြင်းထန်တဲ့ ရာသီဥတုဖောက်ပြန်မှုနဲ့ ရင်ဆိုင်နေရ

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၀

ကမ္ဘာတစ်ဝန်းမှာ ပြင်းထန်တဲ့ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အခုလပိုင်းအတွင်းမှာပဲ အလွန်ပြင်းထန်တဲ့ အပှုလှိုင်းတွေနဲ့ ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်းရာနဲ့ချီသေဆုံးခဲ့ပါတယ်။

လက်ရှိ ဥရောပရှိ နိုင်ငံငါးနိုင်ငံကျော်ဟာ အနီရောင်သတိပေးချက်ထုတ်ပြန်ထားပြီး ပြင်သစ်၊ ဂရိ၊ ပေါ်တူဂီ နဲ့ စပိန်တို့ မှာ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် ထောင်နဲ့ချီတဲ့ လူတွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက စပိန်နိုင်ငံတစ်နိုင်ငံတည်းမှာပဲ စံချိန်တင် အပူချိန်မြင့်မားမှုတွေကြောင့် လူ ၃၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ စပိန်ကျန်းမာရေးဆိုင်ရာ အဏာပိုင်တွေက ပြောပါတယ်။

အလားတူ အာရှတွင်းနိုင်ငံတွေဖြစ်တဲ့ အန္ဒိယ၊ ပါကစ္စတန်နဲ့ တရုတ်ပြည်တွေမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စံချိန်တင်မြင့်တက်ခဲ့တဲ့ အပှုချိန်တွေနဲ့ ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း များစွာသေဆုံးခဲ့ပါတယ်။

“ဒါဟာ အခြေခံရူပဗေဒသဘောတရားအရ ဖန်လုံအိမ်ဓာတ်ငွေ့မော်လီကျူးတွေဟာ ကမ္ဘာ့လေထုထဲမှာ ပိုမိုများလာတဲ့အတွက် လေထုဟာ ပိုမိုပူနွေးလာပါတယ် ဒါဟာ ပိုမိုပူပြင်းတဲ့ အပှုလှိုင်းတွေ ကမ္ဘာပေါ်မှာ ဖြစ်လာတော့မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားရတော့မယ့် သဘောပါပဲ” လန်ဒန် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဂရမ်သမ်အင်စတီကျု့က အရာရှိ ဖရိုင်းဒရိုက်အောတိုက ပြောဆိုခဲ့ပါတယ်။

စံချိန်တင်မြင့်မားနေတဲ့ အပူရှိန်ဟာ ယခုသီတင်းပတ်အတွင်း ပိုမိုပြင်းထန်လာမယ်လို့ ခန့်မှန်းရပြီး ကတ္တရာ အရည်ပျော်ခြင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းတွေနဲ့ အခြေခံ အဆောက်အုံဆိုင်ရာ ပြသနာများစွာ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိ ဥရောပသမဂ္ဂ (အီးယူ) နယ်မြေရဲ့ တစ်ဝက်နီးပါး (၄၆ ရာခိုင်နှုန်း)ဟာ သတိပေးချက် ထုတ်ပြန်ရမယ့် အနေအထားအထိ ခြောက်သွေ့နေပြီး နယ်မြေရဲ့ ၁၀ ရာခိုင်နှုန်းဟာ ရေပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ရာသီဥတုဆိုင်ရာ ပြောင်းလည်းမှုတွေဟာ ဆက်တိုက်ဖြစ်ပွားနေပြီး အခုလို ပြင်းထန်တဲ့ မိုးလေဝသ အခြေအနေတွေဟာ ကမ္ဘာတစ်ဝန်းမှာ ဆက်လက်ဖြစ်ပေါ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အပူလှိုင်းတွေကြောင့် သေဆုံးသူဦးရေတိုးလာမှာကို ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အဏာပိုင်တွေက စိုးရိမ်နေကြပြီး လူပေါင်းများစွာဟာလည်း အပူဒဏ်ကြောင့်သာမက အပိုကုန်ကျငွေကြေးတွေကြောင့် ဖိအားတွေကို ခံစားနေကြရပါတယ်။

စပိန်၊ဂျပန်၊တရုတ်နဲ့ အန္ဒိယ နိုင်ငံတို့မှာ လေအေးပေးစက်နဲ့ လျှပ်စစ်ပန်ကာ အသုံးပြုမှုတွေ မြင့်တက်လာလို့ ဓာတ်အားမလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရသလို အသုံးပြုရတဲ့ အခြေခံမိသားစုတွေဟာလည်း မီတာခအတွက် အပိုကုန်ကျငွေတွေ အများကြီးတက်လာပါတယ်။

အပူဒဏ်ကို ခံစားနေရတဲ့ ဒေသတွေက လူတွေကို ရေများများသောက်ဖို့၊ အလွန်အကျွံ လေ့ကျင့်ခန်းလုပ်ခြင်းကနေ ရှောင်ကြဉ်ပြီး တတ်နိုင်သမျှ အိမ်ထဲမှာနေကြဖို့ ကျန်းမာရေးအာဏာပိုင်တွေက အကြံပြုထားပါတယ်။

— ကိုးကား —
NHK/NYT/Eleven/Xinhua/dvb

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။