Trending Now

မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်အတွင်း ဆိုင်ကယ်ပတ်မောင်းနေသည့် ဆိုင်ကယ်သူခိုးသုံးဦး ဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်အတွင်း ဆိုင်ကယ်ပတ်မောင်းနေသည့် ဆိုင်ကယ်သူခိုးသုံးဦး ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ သြဂုတ် ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက် သစ္စာလမ်းပေါ်တွင် ခိုးယူထားသည့်ဆိုင်ကယ်တစ်စီးဖြင့် ပတ်မောင်းနေသည့် သူခိုးသုံးဦအား ရဲတပ်ဖွဲ့ဝင်များက ယနေ့သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ရဲတပ်ဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်း နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် မြို့သစ်ရပ်ကွက် သစ္စာလမ်းမပေါ်အရောက် အမည်မသိ အမျိုးသား (၃)ဦးသည် ဆိုင်ကယ် လက်ကိုင်တွင် ကတ်တာ(ဖြတ်စက်) ချိတ်လျှက် မောင်းနှင်လာသည်ကို မသင်္ကာဖွယ်တွေ့ရှိ၍ စစ်ဆေးမေးမြန်းခဲ့ရာမှ ဆိုင်ကယ်သူခိုးများဖြစ်နေ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ဒီနေ့မနက် ၄ နာရီခွဲလောက်မှာ ဖမ်းမိတာ၊ ဖမ်းမိတဲ့သူတွေက သိန်းထွန်းဝင်၊ ထွန်းမြင့်ဇော်နဲ့ မျိုးသီဟ ဆိုတဲ့သုံးယောက်၊ သူတို့ သုံးယောက်စီးလာတဲ့ FINO အမျိုးအစား ဆိုင်ကယ်ကလည်း ပြီးခဲ့တဲ့ တစ်ပတ်လောက်ကမှ မြို့ပေါ်က ခိုးထားတဲ့ဆိုင်ကယ်၊ ဆက်ပြီးစစ်ဆေးတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ Scoopyi အမျိုးအစားဆိုင်ကယ် တစ်စီးကို ၁၀ သိန်းကျော်နဲ့ ရောင်းစားထားသေးတယ်လို့ သိရတယ်။” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းနောက် ဖမ်းဆီးရမိသူများ၏ ဝန်ခံချက်အရ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်အတွင်းက ဆိုင်တစ်ဆိုင်တွင် ၎င်းတို့ ရောင်းစားထားသည့် Scoopyi အမျိုးအစားဆိုင်ကယ်အား သက်ဆိုင်ရာ တာဝန်ရှိသူများက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်ကယ်ဝယ်ယူထားသူက ဝယ်ယူထားမိသည်မှာ မှန်ကန်ကြောင်း ထောက်ခံ၍ ရဲစခန်းသို့ လာရောက်အပ်နှံသွားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဖမ်းဆီးရမိခဲ့သည့် သိန်းထွန်းဝင်၊ ထွန်းမြင့်ဇော် နှင့် မျိုးသီဟ တို့သုံးဦးအား သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။