Trending Now

မြန်မာနဲ့ နယ်စပ်အခြေအနေကို အကဲဖြတ်ဖို့ ထိုင်းဝန်ကြီးချုပ် မဲဆောက်မြို့ကို ဧပြီလ ၂၃ ရက်နေ့မှာ သွားရောက်မယ်

Spread the love

မြန်မာနဲ့ နယ်စပ်အခြေအနေကို အကဲဖြတ်ဖို့ ထိုင်းဝန်ကြီးချုပ် မဲဆောက်မြို့ကို ဧပြီလ ၂၃ ရက်နေ့မှာ သွားရောက်မယ်

EPN
နိုင်ငံတကာ၊ ဧပြီ ၂၃

ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗင်ဆင်ဟာ မြန်မာနိုင်ငံ မြဝတီမြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအပြီးမှာ အခြေအနေတွေကို စောင့်ကြည့်ဖို့အတွက် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ကို ဧပြီလ ၂၃ ရက်နေ့မှာ သွားရောက်မယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

ခရီးစဉ်အတွင်း ပြည်တွင်းစစ်ဒဏ်ကို ခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေအတွက် အကူအညီပေးရေးအစီစဉ်တွေ အပါအဝင် နောက်ဆုံးရအခြေအနေတွေကို အကဲဖြတ်နိုင်ဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ ဝန်ကြီးချုပ်နဲ့အတူ မဲဆောက်မြို့ကို သွားရောက်မယ့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီက ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်လာသူ ၂၈၀၀ လောက်ရှိခဲ့ပြီး ၁၂၀၀ လောက် မြန်မာနိုင်ငံကို ပြန်သွားကြပြီလို့ ပြောပါတယ်။

မဲဆောက်ဆေးရုံကို မြန်မာနိုင်ငံက တိုက်ပွဲတွေကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံသားတွေအတွက် အရေးပေါ် ဆေးကုသရေးဌာနအဖြစ် သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံသား ဒဏ်ရာရသူ ၂၂ ဦးကို ဆေးရုံတင်ထားရကာ ၇ ဦးဟာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ ဆေးရုံက ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဟာ ကြားနေအဖြစ် ရပ်တည်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီက ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်ဟာ နယ်စပ်မှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခ မပြန့်ပွားရေး၊ မြန်မာနိုင်ငံက နေရပ်စွန့်ခွာလာသူတွေကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပံ့ပိုးနိုင်ရန် အစွမ်းကုန်ကြိုးစားဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ပထမဆုံးအကြိမ်မဟုတ်ကြောင်းနဲ့ ထိုင်းနိုင်ငံက အခြေအနေတွေကို ရင်ဆိုင်ရာမှာ ယခင်က အတွေ့အကြုံရှိထားပေမယ့် အချို့သော အစီအမံတွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ မစ္စတာပန်ပရီက ပြောကြားခဲ့ပါတယ်။

 

နောက်ထပ်အရေးကြီးတဲ့ ကိစ္စဟာ မကြာသေးမီက တိုက်ပွဲပြင်းထန်မှုကြောင့် ထိခိုက်ခဲ့ရတဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေးဖြစ်ပြီး အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်းဟာ ထိုင်းနိုင်ငံက ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံထဲတင်ပို့နေတဲ့ အဓိက အချက်အချာဖြစ်တယ်လို့ ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆရက်သာက ပြဿနာတွေကို ကြည့်ရှုစစ်ဆေးဖို့နဲ့ တိုက်ပွဲကြောင့် ထိခိုက်ခံစားရတဲ့ ထိုင်းလုပ်ငန်းရှင်တွေကို အကူအညီပေးဖို့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို တာဝန်ပေးအပ်ထားတယ်လို့လည်း မစ္စတာ ပန်ပရီက ပြောကြားခဲ့ပါတယ်။

Ref; ThaiBPS


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။