Trending Now

သဘာဝပတ်ဝန်းကျင်ဂေဟာစနစ် မပျက်စီးစေရန်နှင့် ဇီဝမျိုးကွဲ တိရစ္ဆာန်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြပါစို့

Spread the love

သဘာဝပတ်ဝန်းကျင်ဂေဟာစနစ် မပျက်စီးစေရန်နှင့် ဇီဝမျိုးကွဲ တိရစ္ဆာန်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြပါစို့

EPN
သတင်းဆောင်းပါး၊ ဩဂုတ် ၆

ကမ္ဘာရာသီဥတုပြောင်းလဲမှုဖြစ်စဥ်များနှင့် လူသားတို့၏ အမျိုးမျိုးသော ပယောဂပေါင်းစုံများကြောင့် တစ်နှစ်ထက်တစ်နှစ် ကမ္ဘာကြီးပိုမိုပူနွေးလာနေသည်။

ထိုအတူ မြောက်ဝန်းရိုးစွန်းဒေသများရှိ ရေခဲများသည်လည်း အရည်ပျော်ရှုံးဆုံးလာနေမှုများကြောင့် ယနေ့ကမ္ဘာမြေကြီးသည် သူ၏ သဘာပတ်ဝန်းကျင်ဂေဟာစနစ်သည် ပိုမိုဆိုးရွားစွာ ထိခိုက်လာနေသည်မှာ နေ့စဥ် ကမ္ဘာ့သတင်းများအရ အားလုံးအသိပင်ဖြစ်ချေသည်။

“လူသားများအနေဖြင့် ပိုမို ရေရှည်တည်တံ့စေပြီး ပိုမိုစိမ်းလန်းစေမည့် ပတ်ဝန်းကျင်နှင့် ညီညွတ်သည့် လူနေမှုဘဝများကို ဖြစ်နိုင်သမျှပြောင်းလဲဖော်ဆောင်ကြစေရန်၊ တစ်နည်းအားဖြင့် လူသားများရေရှည်ရှင်သန်နိုင်ရန်အတွက် သဘာဝနှင့်ညီညွတ်မျှတစွာ နေထိုင်နိုင်ကြစေရန်၊ ပြောင်းလဲဖြစ်ပေါ်နေသည့် ကမ္ဘာ့ပတ်ဝန်းကျင် အခြေအနေများကို အားလုံးသိရှိကြပြီး လိုအပ်သည့် တုံ့ပြန်မှုများကို အချိန်မီ ဆောင်ရွက်နိုင်ကြစေရန်နှင့် တစ်ခုတည်းသော ကမ္ဘာမြေကို မိမိတို့အားလုံး ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းကာကွယ်ကြရန် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင် ပြဿနာများကို ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်းပူးပေါင်းဖြေရှင်းနိုင်ကြရန် ၁၉၇၂ ခုနှစ်က ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် ပထမဆုံး ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံဖြစ်သည့် “ကုလသမဂ္ဂလူသား ပတ်ဝန်းကျင်ညီလာခံ” ကို ကျင်းပခဲ့သည်မှာ ယခုနှစ်ဆိုလျှင်နှစ် ၅၀ ပြည့်မြောက်သည့် ထူးခြားသောနှစ်လည်းဖြစ်ကြောင်း”၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းနေ့ အခမ်းအနားတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ အဖွင့်အမှာတွင် အထက်ပါအတိုင်း တိုက်တွန်းပြောကြားခဲ့သည်။

ယနေ့လူသားတို့နေထိုင်ရာကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင် ဂေဟာစနစ်ပျက်သုန်းလာမှုများကြောင့် ပုံမှန်မဟုတ်သည့် ကမ္ဘာ့ရာသီဥတုဖေါက်ပြန်မှုများနှင့်အတူ အားပြင်းသည့်ဆိုင်ကလုန်းမုန်တိုင်းများ၊ လေဆင်နှာမောင်းများ၊ ရေကြီးရေလျှံမှုများ၊ မြေငလျင်များ၊ မြေပြိုမှုများ၊ မီးတောင်ပေါက်ကွဲမှုများ၊ တောမီးလောင်မှုများ၊ လျှပ်စစ်မိုးကြိုးမုန်တိုင်းများ၊ အပူချိန်မြင့်မား၍ မိုးခေါင်ရေရှားမှုများနှင့် သစ်တောသုန်းတီးမှုများ စသည်တို့ကြောင့် လူသားများသာမက အပြစ်မဲ့ဇီဝမျိုးကွဲများနှင့် တောရိုင်းတိရစ္ဆာန်မျိုးစိတ်များသည် ဤကမ္ဘာမြေပေါ်မှ မျိုးတုန်းပျောက်ကွယ်သွားတော့မည့် အန္တရာယ်များနှင့် နေ့စဥ်ရင်ဆိုင်ကြုံတွေ့နေရသည်။

“ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် (United Nations Environment Programme – UNEP) က ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ဆဋ္ဌမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်အခြေအနေ ဆန်းစစ်ခြင်း အစီရင်ခံစာတွင် လာမည့် ၂၀၅၀ ပြည့်နှစ်အထိ ကာလအတွင်း ကမ္ဘာ့မြို့ပြ လူဦးရေသည် ဆက်လက်တိုးမြင့်နေပြီး မြို့ပြဖြစ်ထွန်းလာမှုကို စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်း မရှိခဲ့ပါက လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ကြုံတွေ့ရမည် ဖြစ်ကြောင်း၊ လူဦးရေ ကြီးထွားလာမှုကြောင့် တစ်ဦးချင်းစီ ရရှိနိုင်မည့် ဂေဟစနစ်၏ ဝန်ဆောင်မှုများ လျော့နည်းလာမည်ဖြစ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းများတွင် ပတ်ဝန်းကျင် အစီအမံများကို ဂရုမပြုခဲ့ပါက သယံဇာတ အရင်းအမြစ်များ လျော့နည်းပြုန်းတီးမှု၊ ပတ်ဝန်းကျင်ယိုယွင်း ပျက်စီးခြင်းများနှင့် ပိုမိုကြုံတွေ့ နိုင်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုသည် အနာဂတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အဟန့်အတား စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်းစသည့် တွေ့ကြုံလာရမည့် ပြဿနာများကို အလေးထား ဖြေရှင်းဆောင်ရွက်ကြရန် အရေးတကြီး လိုအပ်နေသည့်အတွက် မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးသက်ရောက် မှုများကို တားဆီးလျှော့ချနိုင်ရန် အလေးထား ကြိုးပမ်းလုပ်ဆောင်ရမ ည်ဖြစ်ကြောင်း” ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အသိဥာဏ်မဲ့လူသားတို့၏ မဆင်မခြင်အပြုအမှုမဲ့လောဘများနှင့် စစ်ပွဲများကြောင့် ဇီဝမျိုးကွဲတောရိုင်းတိရစ္ဆာန်များ၏ တည်နေရာနှင့်စားကျက်မြေများသည် နေ့စဥ်နှင့်အမျှရှားပါးလာသည်။ ထို့ကြောင့် တောရိုင်းတိရစ္ဆာန်ကောင်ရေသည်သိသာစွာ လျော့ပါးလာနေသည်။ ရှားပါးမျိုးစိတ်ဝင် တိရစ္ဆာန်တစ်မယ်သည် နေ့စဥ်နှင့်အမျှ ဤကမ္ဘာမြေပေါ်မှ မျိုးသုန်းပျောက်ကွယ်နေရကြောင်း နိုင်ငံတကာသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဇီဝမျိုးကွဲတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းလေ့လာရေးအဖွဲ့ သတင်းများမှ ထုတ်ပြန်ထားသည်။

“အဆိုးဆုံးက အပြန်အလှန်ပစ်ခက်ကြတဲ့စစ်ပွဲတွေကြောင့် ဘေးလွတ်ရာ မပုန်းရှောင်နိူင်တဲ့တိရစ္ဆာန်တွေက အမြောက်အများ သေကြေပျက်စီးခံနေရပါတယ်။ ယမ်းတွေ ကျည်တွေ ထိထားတဲ့ မြေပြင်တွေကလည်း အဆိပ်သင့်မှုတွေ ကြုံတွေ့နေရတဲ့အတွက် တောရိုင်းတိရစ္ဆာန်တွေအတွက် အာဟာရ ရရှိနိုင်မှုအပိုင်းက စိန်ခေါ်မှုဖြစ်နေပါတယ်။ တောတွေက ကျည်သင့်သွားတယ်။ ဗုံးဒဏ်ကို ခံလိုက်ရတဲ့အတွက် တောရိုင်းတွေအတွက် နေစရာ ခိုအောင်းစရာ ရှားပါးလာပါတယ်။ ကယ်ဆယ်ရေးသမားတွေက အဲ့ဒါတွေကို အသက်စွန့်ပြီး လုပ်ဆောင်ဖို့က မလွယ်လှဘူး ဖြစ်နေပါတယ်။ တောရိုင်းတိရစ္ဆာန်တွေဆုံးရှုံးနေတာကို ဒီအတိုင်းထိုင်ကြည့်နေရပါတယ်။ ဒါ့အပြင် တောတွေထဲမှာ ထောင်ထားတဲ့ မိုင်းတွေကလည်း တောရိုင်းတိရစ္ဆာန်တွေရဲ့ အသက်အန္တရာယ်ကို စိမ်ခေါ်နေပါတယ်” ဟု နိုင်ငံတကာသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ဆိုသည်။

၎င်းတို့၏ အဆိုအရ လက်ရှိစစ်ပွဲများပြီးသွားသော်လည်း ဇီဝမျိုးကွဲတောရိုင်း တိရစ္ဆာန်များအတွက် သဘာ၀ပတ်ဝန်းကျင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆယ်စုနှစ်များစွာကြာအောင် ပြန်လုပ်ရလိမ့်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ ကမ္ဘာပေါ်တွင် တရုတ် – အိန္ဒိယ နယ်မြေလုနေသည့် ဟိမဝန္တာတောင်တန်း၊ အမေရိကန် – မက္ကဆီကို ပြဿနာဖြစ်နေသည့် ဆိုနိုရာကန္တာရ၊ တောင်တရုတ်ပင်လယ်၊ ပိုလန် – ဘီလာရုစ်နယ်ခြားဒေသနှင့် ကော်ကေးဆပ် တောင်တန်းဒေသများတွင် တောရိုင်းတိရစ္ဆန်များအတွက် ငြိမ်းချမ်းရေးဥယျာဉ်များ အကောင်အထည်ဖေါ်ဆောင်ရန် အကြံပြုနေသည်။

ထို့အပြင် စစ်မက်ရေးရာထူပြောနေသည့် နေရာများတွင် ဇီဝမျိုးကွဲတောရိုင်းတိရစ္ဆာန်များအတွက် ငြိမ်းချမ်းရေးဥယျာဉ်များ မထူထောင်နိူင်လျှင် ဇီဝမျိုးကွဲများမှာ အလျှင်အမြန်ကွယ်ပျောက်သွားနိူင်သည့် အဖြစ်မှာ ကြီးမားသည့်ဆုံးရှုံးမှု ပြဿနာတစ်ရပ်ဖြစ်နိူင်ကြောင်း ထောက်ပြပြောဆိုနေသည်။ ယူကရိန်းနှင့် ရုရှားစစ်မက်ဖြစ်ပွား ဒွန်ဘားစ်ဒေသတွင်လည်း နိုင်ငံတကာသဘာဝ ဇီဝမျိုးကွဲတောရိုင်းတိရစ္ဆာန်များအတွက်ငြိမ်းချမ်းရေးဥယျာဉ်များ ပြုလုပ်ရန် နိုင်ငံတကာသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများမှ ညှိနှိုင်းဖို့လိုနေသည်ဟု အကြံပြုထားသည်။

၁၉၅၀ ဝန်းကျင်က စစ်တလင်းဖြစ်ခဲ့သည့်နေရာများသည် စစ်မဲ့ဇုံအဖြစ် သက်မှတ်ထား၍ လူသူအသွားအလာနည်းခဲ့သည်။ ယနေ့အချိန်တွင် ဇီ၀မျိုးကွဲများ ပြန်လည်ရောက်ရှိလာပြီး၊ လူသားများဖန်တီးသည့် စစ်ပွဲများကြောင့် တောရိုင်းနှင့် ဇီဝမျိုးကွဲတိရစ္ဆာန်များ မျိုးတုန်းခဲ့ရသည့်အဖြစ်ကြောင့် ဂေဟစနစ် ကွင်းဆက်ပျက်ခဲ့လျှင် အဆိုပါဒဏ်ကို လူသားများပင်ပြန်လည်ခံစားရမည်ဖြစ်ပေသည်။ ဥရောပတွင် လက်ရှိဇီဝမျိုးကွဲအများဆုံးနိုင်ငံတစ်ခုတွင် စစ်ပွဲများကြောင့် ဇီဝမျိုးကွဲတောရိုင်းတိရစ္ဆာန်များ၏ သဘာဝပတ်ဝန်းကျင် အနေအထားပျက်စီးနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်လည်း စည်းကမ်းမဲ့ ရွှေ၊ ကျောက်၊ သစ်နှင့်သဘာဝ သယံဇာတတူးဖေါ်ထုတ်ယူမှုများကြောင့် မြစ်ချောင်းများအတွင်း နှစ်စဥ်ရေကြီးရေလျှံမှုများနှင့်အတူ သဘာဝဂေဟာစနစ်ပျက်စီးလာ၍ သဘာဝငါးနှင့်ရေနေမျိုးစိတ်များရှားပါးလာပြီး ပျောက်ကွယ်သွားမည်ကို အထူးသတိပြုသင့်ပေသည်။ ထို့အပြင် မြစ်ချောင်းအနီးရှိ လူ၊ အဆောက်အဦး၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးကွဲတိရစ္ဆာန်များသည်လည်း တစ်နှစ်ထက် တစ်နှစ်ပို၍ မကြုံစဖူး ပျက်စီးဆုံးရှုံးမှုတန်ဖိုးများ ပိုများလာပေသည်။ ဒေသတွင်းနိုင်ငံရေးအခြေအနေမတည်ငြိမ်မှုစစ်ပွဲများကြောင့် လူနှင့်အိမ်မွေးတိရစ္ဆာန်များအပြင် အမဲလိုက်မုဆိုးများကြောင့် ဇီဝမျိုးကွဲများနှင့် တောရိုင်းတိရစ္ဆာန်တို့မှာ အတားအဆီးမဲ့ဖမ်းဆီးသတ်ဖျက်ခြင်းခံရနိူင်ပေသည်။

ယင်းအဖြစ်အပျက်သည် ကမ္ဘာတစ်ဝန်းတွင်သာမက လက်ရှိမြန်မာနိုင်ငံအတွင်းကြုံတွေ့နေရသော ဖြစ်စဉ်များအား လေ့လာကြည့်ပါက သစ်တောများ စည်းမဲ့ကမ်းမဲ့ ခုတ်ထွင်ရှင်းလင်းခြင်း၊ တောရိုင်းတိရစ္ဆာန်တို့နေထိုင်ရာဒေသများတွင် စိုက်ပျိုးမြေများ အလွန်အကျွံ ချဲ့ထွင်ခြင်း၊ ရေနေ သတ္တဝါများ အလွန်အကျွံ ဖမ်းဆီးခြင်း၊ တောမီးရှို့ခြင်းစသည်တို့ကြောင့် သဘာဝပတ်ဝန်းကျင်မှာ တစ်နေ့ ထက်တစ်နေ့ ပျက်စီးလာသည်ကို ထင်ထင်ရှားရှား တွေ့မြင်ကြရမည်ဖြစ်သည်။

နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် ကမ္ဘာ့နေရာအနှံအပြားတွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု၊ ဇီဝမျိုးစုံ မျိုးကွဲများဆုံးရှုံးပျောက်ကွယ်မှုများနှင့် ရေ၊ လေ၊ မြေထု ညစ်ညမ်းမှု၊ စွန့်ပစ်ပစ္စည်းများ သည် တစ်နေ့ တစ်ခြား သိသာစွာ တိုးပွားလာ လျှက်ရှိသည်။

ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ဂေဟာစနစ် မပျက်စီးစေရန်နှင့် ဇီဝမျိုးကွဲတိရစ္ဆာန်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိူင်ရေးအတွက် ရေဝေရေလဲဒေသအတွင်းရှိသော ရေ၊ မြေ၊ တောတောင်နှင့် သစ်တောသယံဇာတ တစ်မျိုးမျိုးသည် သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ လူသားများ၏ ပယောဂကြောင့်ဖြစ်စေ ပျက်စီးသည့်အခါ အခြားသယံဇာတများအပေါ်မှာ သက်ရောက်မှုဖြစ်ပေါ်စေပြီး လူသားများအပါအ၀င် သက်ရှိသတ္တဝါများနှင့် သဘာ၀ပတ်၀န်းကျင်အပေါ် ဆိုးကျိုးများဖြစ်ပေါ်စေသည့်အတွက် ရေအရင်းအမြစ်များနှင့် ရေဝေရေလဲဒေသများ၊ သစ်တော သယံဇာတများကို အထူးဦးစားပေးလုပ်ငန်းအဖြစ် လူသားအားလုံးဝိုင်းဝန်း ကာကွယ်ထိန်းသိမ်းရန်အထူးလိုအပ်ကြောင်း တင်ပြရေးသားလိုက်ရပေသည်။

မိုးမြင့်မောင်
Ref ; Biodiversity Forest/ News/ International News/ Ministry of Natural Resourcs and Environmental Conservation Forestry News/ Local Daily News.

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။