Trending Now

မြစ်ကြီးနား၌ စားသောက်ဆိုင်များကိုဆိုင်ထိုင်စား စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြု၊ အချို့ဆိုင်များ စတင်ရောင်းချနေပြီ

Spread the love

မြစ်ကြီးနား၌ စားသောက်ဆိုင်များကိုဆိုင်ထိုင်စား စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြု၊ အချို့ဆိုင်များ စတင်ရောင်းချနေပြီ

EPN
မြစ်ကြီးနား၊ မေ ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်က စားသောက်ဆိုင်များကို ဆိုင်ထိုင်စား စနစ်ဖြင့် စတင်ရောင်းချရန် ခွင့်ပြုလိုက်ပြီဖြစ်ပြီးအချို့စားသောက်ဆိုင်များက ပြန်လည်ဖွင့်လှစ် ရောင်းချနေပြီ ဖြစ်သည်။

စားသောက်ဆိုင်များ ဆိုင်ထိုင်စားစနစ်ဖြင့် စတင်ရောင်းချခွင့်ကို မေလ ၂၂ရက်နေ့က စတင်ခွင့်ပြုပေးလိုက်ပြီး ဤသို့ဖွင့်လှစ်ရာတွင် လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်နိုင်တင်း ကပ်ရောဂါအခြေအနေအရ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက် ခြောက်ချက်နှင့်အညီသာ ဖွင့်လှစ်ခွင့် ပေးထားကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ဆိုသည်။

“စားသောက်ဆိုင်ပိုင်ရှင်တွေကိုလည်း ကျွန်တော်တို့က ညွန်ကြားထားတယ်။ အချက်ခြောက်ချက်ရှိတယ် အဲ့ဒီအချက်ခြောက်ချက်ကို လိုက်နာနိုင်မယ်ဆိုရင်တော့ ဖွင့်လို့ရပြီ။ ဖွင့်မယ်ဆိုရင်တော့ မြို့နယ် အဆင့်ကော်မတီကို အကြောင်း ကြားပါလို့ညွန်ကြားထားတယ်” ဟု ဦးသန်းဝင်းက EPN သို့ပြောပြသည်။

ယင်းလိုက်နာရမည့် စည်းကမ်းချက်ခြောက်ချက်မှာ စားသောက်ဆိုင်ရှိ ဝန်ထမ်းများကို ကျန်းမျာရေး စစ်ဆေးရန်၊ ဆိုင်ဝန်ထမ်းများအားလုံး နှာခေါင်းစည်းတပ်ရန်၊ဆိုင်တွင်း၌ ကိုဗစ်နိုင်တင်းကာကွယ်ရေးလမ်းညွန်ချက်ပါ ပိုစတာများ ကပ်ထားရန်၊လက်ဆေးစင်များ ထားရှိပေးရန်၊ စားပွဲခုံအလယ်တွင် အကာထားရှိရန်၊ စားသုံးသူများကိုလည်း နှာခေါင်းစည်းပါမှသာ ဝင်ရောက်စားသုံးခွင့်ပြုရန် စသည့် စည်းကမ်းချက်များပါဝင်ကြောင်း ဦးသန်းဝင်းက ထည့်သွင်း ပြောဆိုသည်။

စားသောက်ဆိုင်များ အနေဖြင့် ယခုကဲ့သို့ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီဖွင့်လှစ်ရာတွင် အခက်အခဲရှိနေသောကြောင့် အစမ်းကာလအနေဖြင့်သာ စတင်ဖွင့်လှစ်နေရသည်ဟု ထီးလှိုင် စားသောက်ဆိုင်ပိုင်ရှင် ဦးကံထူးက ဆိုသည်။

“အခုလောလောဆယ်ကတော့ စမ်းသပ်တဲ့သဘောပေါ့။ စားသုံးတဲ့သူတွေလည်း အများကြီးတော့ မလာသေးဘူး။ စည်းကမ်းချက်နှင့်အညီ ဆိုပြီးတော့ ကြိုးစားပြီးတော့ လုပ်ထားတယ်။ ပုံစံအသစ်နဲ့ဖွင့်ရတော့ ကုန်ကျစရိတ်လေးတွေ ရှိတယ်။”ဟု ဦးကံထူးက ပြောသည်။

အစိုးရအနေဖြင့် ယခုကဲ့သို့ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ခွင့်ပေးလိုက်သည့် အပေါ် အချို့စားသောက်ဆိုင် များက ဆိုင်ထိုင်စားစနစ်ဖြင့် ဖွင့်လှစ်ရန် ပြင်ဆင်မှု မရှိသေးကြောင်း Ohio Sushi စားသောက်ဆိုင်ပိုင်ရှင် ကဆိုသည်။

“ဆိုင်ဝန်ထမ်းတွေကလည်း ပြန်သွားတောတွေရှိတယ်။ ပြီးတော့ ကျွန်မတို့ အနေနဲ့လည်း လက်ရှိအခြေအနေမှာ စိတ်မချသေးဘူး။ ဆိုင်ကြီးဖွင့်ပြီးမှဒီမှာ ရောဂါပြန်ဖြစ်မှာလည်းကြောက်တယ်။ ခဏ စောင့်ကြည့်အုံးမယ်ဆိုပြီး ဘာမှ မပြင်ဆင်သေးပါဘူး”ဟု ယင်း စားသောက်ဆိုင်ပိုင်ရှင်က ပြောသည်။

လက်ရှိ အခြေအနေအရ ပြန်လည်ဖွင့်လှစ်လိုက်သည့် စားသောက်ဆိုင်များတွင်လာရောက်စားသုံးရသည့် အခြေအနေနှင့် ပတ်သက်၍ Kiss Me စားသောက်ဆိုင်တွင် လာရောက်စားသုံးသူ ဒေါ်ချိုချိုက ယခုကဲ့သို့ သုံးသပ်ပြောဆိုခဲ့သည်။

“အခုလောလောဆယ်တော့ တစ်ခုံမှာတစ်ယောက် နှစ်ယောက်ပဲ ထိုင်ရတော့အဆင်ပြေပါတယ်။ လက်ရှိကတော့ ဒီနည်းနဲ့ပဲလုပ်နိုင်ကြမယ်ထင်တယ်။ ဆိုင်တွေမှာလည်း တွေ့မိသလောက်ကတော့ ပလပ်စတစ်ကာ ထားတာပေါ့နော် အခုဒီမှာက ရောဂါမရှိသေးတော့လည်း ထွက်လာရဲကြတာပေါ့။ တကယ်ရောဂါရှိလာပြီ ဆိုရင်တော့ ဒီလိုလုပ်ထားရင်လည်း တချို့တွေက ကြောက်ရင် ကြောက်မှာပေါ့ “ဟု ဒေါ်ချိုချိုက ပြောသည်။

စားသောက်ဆိုင်များကို ယခုကဲ့သို့ ဆိုင်ထိုင်စားစနင် ဖြင့်ပြန်လည်ဖွင့်လှစ်ခွင့်ပေးလိုက်သည့် အခြေအနေ ပေါ်တွင် သက်ဆိုင်ရာအနေဖြင့် ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး စည်းကမ်းမလိုက်နာမှုများ တွေ့ရှိပါ အရေးယူမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ မတ်လ (၂၈)ရက်နေ့က ဒေသန္တရ အမ်ိန့်ထုတ်ပြန်ချက် အချက်(၈)ချက်တွင် စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန် ထုတ်ထားပြီး ယခုပထမဆုံးအကြိမ် ပြန်လည်ဖြေလျော့ပေးခြင်း ဖြစ်သည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။