Trending Now

ရေနုတ်မြောင်းကို ပိတ်ဆို့မြေဖို့လိုက်ခြင်းကြောင့် မြစ်ကြီးနား၊ မြို့သစ်ကြီးရပ်ကွက်မှ လူနေအိမ်ရှစ်လုံး မိုးရေတင်နေ

Spread the love

ရေနုတ်မြောင်းကို ပိတ်ဆို့မြေဖို့လိုက်ခြင်းကြောင့် မြစ်ကြီးနား၊ မြို့သစ်ကြီးရပ်ကွက်မှ လူနေအိမ်ရှစ်လုံး မိုးရေတင်နေ

EPN
မြစ်ကြီးနား၊ ဇွန် ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်တွင် ကုမ္ပဏီတစ်ခုက ရပ်ကွက်တွင်း ဖောက်လုပ် ထားသည့် ရေနုတ်မြောင်းကို ပိတ်ဆို့ မြေဖို့လိုက်ခြင်းကြောင့် ယင်းအနီးတစ်ဝိုက်က လူနေအိမ် ရှစ်လုံးခန့်တွင် မိုးရေများ တင်နေပြီး ရပ်ကွက်နေပြည်သူများ အခက်တွေ့နေကြောင်း ယင်းရပ်ကွက် နေပြည်သူများ ထံမှ သိရသည်။

ယင်းနေရာမှာ မြို့သစ်ကြီးရပ်ကွက်၊ နယ်မြေ(၂)တွင် ကျရောက်ပြီး ကုမ္ပဏီမှ ယခုကဲ့သို့ မြေဖို့ကာ မြောင်းပိတ်လိုက်ခြင်းကြောင့် ရပ်ကွက်နေပြည်သူများ၏ အခက်အခဲကို ဦးသန်းထွန်းက ယခုကဲ့သို့ပြော သည်။

“ရေပေါက်ပိတ်ထားတော့ မိုးရွာတဲ့အခါ ရေတွေက ထွက်ပေါက်မရှိတော့ အိမ်ဝင်းထဲ ဝင်ပြီး တော့ အိုင်နေတာ။ မနှစ်ကတစ်မိုးလုံး ဒီမှာ ထွက်ပေါက်ရှိတဲ့အခါကြတော့ ရေကဆင်းသွားတာ မိုးလင်းတာနဲ့ နှစ်နာရီ သုံးနာရီဆိုရင် ရေမရှိတော့ဘူး။ အခုကရေမဆင်းတော့ မိုးရွာတာနဲ့ ရေအိုင်တယ် ဦးလေးတို့ အိမ်မှာလည်း ရေတက်လာပြီ”ဟု ယင်းရပ်ကွက်နေ ဦးသန်းထွန်းက ဆိုသည်။

ယင်းလူနေအိမ်များတွင် ရေဝင်ရောက်နေသည်မှာ ငါးရက်ရှိနေပြီဖြစ်ပြီး ယခင်နှစ်များတွင် ယခုကဲ့သို့ မိုးရေဝင်ရောက်မှု မရှိခဲ့ကြောင်းသိရပြီး လက်ရှိမိုးရေတင်နေခြင်းကြောင့် ရပ်ကွက်နေပြည်သူများ ချက်ပြုတ်စားသောက်ရေးနှင့် နေ့စဉ်လူနေမှုဘဝ အခက်အခဲများကြုံတွေ့နေရကြောင်း ဒေါ်သဲက ယခုကဲ့သို့ ပြောပြသည်။

“အခုက ရေတွေတင်နေတော့ သွားရတာလာရတာ၊ အပေါ့အလေးသွားတာကအစ မလွယ်တော့ဘူး။ သောက်ရေ ချက်ရေ ဘယ်ဟာမှ မလွယ်တော့ဘူး။ ထမင်းချက်စားလို့ တောင်မရဘူး”ဟု ဒေါ်သဲ က ဆိုသည်။

မြေဖို့လိုက်သည့် ကုမ္ပဏီအနေဖြင့် ရေနှုတ်မြောင်းလာရောက် တူးဖော်ပေးရန် ရပ်ကွက်ပြည်သူများက တောင်းဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ လာရောက်ဆောင်ရွက်ပေးခြင်း အကြောင်းပြန်ပေးခြင်း မရှိသေးကြောင်း ယင်းရပ်ကွက်မှ ဒေါ်ခင်နိုင်ဦး ယခုကဲ့သို့ ပြောသည်။

“ကျွန်မတို့အနေနဲ့ကတော့ ဒီအနောက်ကနေ ရေမြောင်းလေး ဖောက်ပေးစေချင်တာပေါ့။ ရေမြောင်းဖောက် ပေးလိုက်ရင် ဒီမိုးရေတွေက သူ့လမ်းကြောင်းနဲ့သူ စီးသွားမှာပဲလေ”ဟု ဒေါ်ခင်နိုင်ဦးက ပြောပြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေဖြင့် မြေစဖို့ချိန်ကတည်းက မြေမဖို့ရန် သွားရောက်တားဆီးခဲ့သော်လည်းကုမ္ပဏီအနေဖြင့် လိုက်နာခြင်းမှုမရှိခဲ့ကြောင်း သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး အနေဖြင့်လည်း ရပ်ကွက်နေပြည်သူများတောင်းဆို သည့်အတိုင်း ရေမြောင်းလာရောက်ဖောက်လုပ်ပေးရန် တောင်းဆိုခဲ့သော်လည်း တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ကိုင်တွယ်ဖြေရှင်းပေးရန် စာတင် ထားကြောင်း မြို့သစ်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတက်တိုး က ဆိုသည်။

“မနေ့ကလည်း မြေယာကော်မတီတွေနဲ့ သွားရောက်ကွင်းဆင်းပြီး မြေတိုင်းတယ် ရေမြောင်းဖောက်ပေးဖို့ ညှိနှိုင်းဆွေးနွေးတယ်သူတို့လက်မခံဘူး။ လက်မခံတဲ့ အနေအထားမှာ မနေ့ကတစ်နေ့ အဆင်ပြေမလားလို့ စောင့်ကြည့်တယ်။ မလာတာနဲ့ ဒီကနေ့ ကျွန်တော်တို့က သူတို့ကိုမေးတယ် အဆင်ပြေနိုင်လားပေါ့ အဆင်မပြေဘူးလို့ပြောတာနဲ့ ဒီနေ့ပဲ ကျွန်တော်တို့ မြို့နယ်ကို စာတင်ထားတယ်၊ မြို့နယ်က တော့ ညွန်ကြားလာမှာပါ။”ဟု အုပ်ချုပ်ရေးမှူး ဦးတက်တိုးက ပြောပြသည်။

ယင်းမြေကို မည်သည့် ကုမ္ပဏီက မည်သည့် လုပ်ငန်း လုပ်ကိုင်ရန် လာရောက် မြေဖို့ထားသည်ကို ရပ်ကွက်အုပ်ချုပ်ရေး အနေနှင့် အသေးစိတ်မသိရသေးကြောင်း EPN သို့ ပြောပြသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။