Trending Now

ပူတာအိုမြို့တွင် ခရမ်းချဉ်သီးတစ်ပိဿာ ကျပ်နှစ်သောင်းထိ ဈေးမြင့်တက်

Spread the love

ပူတာအိုမြို့တွင် ခရမ်းချဉ်သီးတစ်ပိဿာ ကျပ်နှစ်သောင်းထိ ဈေးမြင့်တက်

EPN
မြစ်ကြီးနား၊ မတ် ၂၃ (၂၀၂၄)

ကချင်ပြည်နယ် ပူတာအိုမြို့တွင် ခရမ်းချဉ်သီးတစ်ပိဿာကို ကျပ်နှစ်သောင်းထိ ဈေးမြင့်တက်နေပြီဖြစ် ကြောင်း ဒေသခံများထံမှ သိရသည်။

မြစ်ကြီးနား-ပူတာအိုသွားလမ်းပိုင်း ပိတ်ထားသည်မှာ လဝတ်ကျော်ရှိလာပြီဖြစ်ကာ ပူတာအိုမြို့တွင် ကုန်ပစ္စည်းများရှားပါးလာပြီး မီးဖိုချောင်သုံးပစ္စည်း ခရမ်းချဉ်သီးတစ်ပိဿာကိုပင် ကျပ် ၂၀၀၀၀ထိ ဈေးပေးဝယ်နေရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

” ဈေးတက်တာက အားလုံးတက်တယ်။ တစ်ရက်နှစ်ရက် အတွင်းမှာပဲ ကြက်ဥတစ်လုံးကို ၁၅၀၀၊ ခရမ်းချဉ်သီးတစ်ပိသာ ၂၀၀၀၀ကျပ်အထိ ဈေးတက်သွားပြီ။ ထောင်ဂဏန်းကနေ သောင်းဂဏန်းထိ ဈေးတက်ကုန်ပြီ ” ဟု ၎င်းကဆိုသည်။

လက်ရှိ ပူတာအိုမြို့တွင် ဒေသထွက်အသီးအနှံများနှင့် လေကြောင်းပိုင်းဖြင့် သယ်ဆောင်ရသည့် ကုန်ပစ္စည်းများသာ အသုံးပြု စားသုံးနေရပြီး၊ ဈေးနှုန်းများကို အဆမတန် ပေးဝယ်နေရကြောင်း သိရသည်။

ကားလမ်းပိုင်းကို ပိတ်ထားသည့်အတွက် စားသုံးကုန်ပစ္စည်းများအပြင် ဆောက်လုပ်ရေးပစ္စည်းများလည်း ပြတ်လပ်မှုရှိလာသည့်အတွက် လုပ်ငန်းရှင်များ ရပ်နားထားကြောင်း သိရကာ ဒေသခံပြည်သူများ အလုပ်လက်မဲ့ဖြစ်လာခြင်း၊ သွားရေးလာရေး ခက်ခဲမှုများ ရှိလာသည့်အတွက် လမ်းပိုင်းကို ပြန်လည်ဖွင့်ပေးနိုင်စေရန် ပြည်သူများက လိုလားနေကြသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။