Trending Now

ဖားကန့်မြို့နယ်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ဦးစီးပြီး တံခွန်တိုင် စိုက်ထူလှူဒါန်းခြင်းပြုလုပ်

Spread the love

ဖားကန့်မြို့နယ်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ဦးစီးပြီး တံခွန်တိုင် စိုက်ထူလှူဒါန်းခြင်းပြုလုပ်

EPN
ဖားကန့်၊ အောက်တိုဘာ ၂၅ (၂၀၂၃)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ သီရိမင်္ဂလာတောင်ပေါ်ကျောင်းတွင် ဖားကန့်မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ ဦးစီး၍ တံခွန်တိုင်စိုက်ထူ လှူဒါန်းခြင်း ကို ယမန် နံနက်ပိုင်းက စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

နှစ်စဉ် ဝါကျွတ် အခါသမယတွင် ရှမ်းတိုင်းရင်းသားများ စုပေါင်းပြီး မြတ်စွာဘုရားရှင်းအား ပူဇော်ကန်တော့သည့် အနေဖြင့် ဖားကန့်မြို့နယ်အတွင်းက ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် အလှည့်ကျ တံခွန်တိုင်စိုက်ထူလှူဒါန်းပေးခြင်း ဖြစ်ကြောင်း ဖားကန့်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

“တံခွန်တိုင် စိုက်ထူလှူဒါန်းခြင်းကို နှစ်စဉ် ကျင်းပလေ့ ရှိပါတယ်။ ကျွန်တော်တို့ ရှမ်းစာပေကနေ ဦးဆောင်လုပ်တော့ ရှမ်းတိုင်းရင်းသား အားလုံး ပါဝင် စုပေါင်းလုပ်တဲ့ သဘောလည်းမျိုးလည်းဖြစ်တယ်။ လာမယ့် အဖိတ်နေ့မှာတော့ ဒေသခံ ရှမ်းတိုင်းရင်းသားတွေကတော့ ကိုယ့်ရွာ ကိုယ့်ကျောင်းတွေမှာ တံခွန်တိုင် စိုက်ထူလှူဒါန်း ပူဇော်ပွဲတွေလည်း ထပ်လုပ်သွားကြမှာဖြစ်တယ်” ဟု ၎င်း က ပြောပြသည်။

ယခုကဲ့သို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ဦးစီး ဦးဆောင် စုပေါင်းတံခွန်တိုင် စိုက်ထူရခြင်းမှာ တစ်ရက်တည်း တစ်နေရာတည်းတွင် စုစုစည်းစည်း ဖြစ်အောင်နှင့် ဘာလုပ်လုပ် စည်းလုံးညီညွှတ်မှု ရှိအောင် အဓိကထား ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံခွန်တိုင် စိုက်ထူလှူဒါန်းပူဇော်ခြင်း အခမ်းအနားသို့ ဖားကန့်မြို့နယ်အတွင်းက ရှမ်းတိုင်းရှင်သားများ ပါဝင်ခဲ့ပြီး ရှမ်းဝတ်အသင်းမှ ဓမ္မစကြာရွတ်ဖတ်ခြင်းနှင့် နေ့လယ်ပိုင်းတွင် အလွတ်အကျွတ် ကုသိုလ် အမျှဝေပွဲများကိုလည်း ဆက်လက် ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ သီရိမင်္ဂလာတောင်ပေါ်ကျောင်းတွင်ပြုလုပ်သည့် တံခွန်တိုင်စိုက်ထူလှူဒါန်းခြင်း အခမ်းအနားသို့ ရှမ်းတိုင်းသား (၈၀၀)နီးပါး ပါဝင်ခဲ့ကြပြီး လာမည့်နှစ်များတွင်လည်း ယခုကဲ့သို့ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။