Trending Now

အမေရိကန်က သိမ်းဆည်းရမိတဲ့ အီရန်လက်နက်နဲ့ ကျည်တွေကို ယူကရိန်းထံ ပေးအပ်

Spread the love

အမေရိကန်က သိမ်းဆည်းရမိတဲ့ အီရန်လက်နက်နဲ့ ကျည်တွေကို ယူကရိန်းထံ ပေးအပ်

EPN
နိုင်ငံတကာ၊ ဧပြီ ၁၀

ယီမင်းနိုင်ငံမှာရှိတဲ့ သူပုန်တွေကို အီရန်က ပေးပို့လိုက်တဲ့ လက်နက်နဲ့ ကျည်တွေကို အမေရိကန်က သိမ်းဆည်းရမိခဲ့ပြီး အားလုံးကို ယူကရိန်းထံ ပေးအပ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

ယူကရိန်းမှာ ခဲယမ်းမီးကျောက်တွေ သိသိသာသာ ပြတ်တောက်မှုတွေ ကြုံနေရပြီး ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေက အကူအညီအသစ်တွေကို ပိတ်ဆို့ထားတာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်က လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် အမြောက်နဲ့ လေကြောင်းရန် ကာကွယ်ရေး ကဲ့သို့သော အဓိက ပစ္စည်းတွေကိုတော့ မဖြည့်ဆည်းနိုင်သေးဘူးလို့ ဆိုပါတယ်။

“အမေရိကန်အစိုးရဟာ အေကေ-၄၇ ကျည် ၅၀၀၀ ကျော်၊ စက်သေနတ်၊ စနိုက်ပါရိုင်ဖယ်၊ RPG-7 နဲ့ ၇.၆၂ မီလီမီတာ ကျည်ပေါင်း ၅၀၀,၀၀၀ ကျော်ကို ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။” လို့ အမေရိကန်ဗဟိုဌာနချုပ်က ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

“ဒီလက်နက်တွေဟာ ရုရှားရဲ့ ကျူးကျော်မှုကို ယူကရိန်းကို ခုခံကာကွယ်ရာမှာ အထောက်အကူဖြစ်စေမှာပါ” လို့ ပြောပြီး တပ်မဟာတစ်ခုကို တပ်ဆင်ဖို့ လုံလောက်တဲ့ ပစ္စည်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါလက်နက်ပစ္စည်းတွေဟာ အီရန်တော်လှန်ရေးအစောင့်တပ်ကနေ ယီမင်းဟူသီသူပုန်တွေကို ၂၀၂၁ ခုနှစ် မေလကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထောက်ပံ့ခဲ့တဲ့ ပစ္စည်းတွေဖြစ်ပြီး နိုင်ငံမဲ့သင်္ဘောလေးစင်းကနေ သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ အမေရိကန်ဗဟိုဌာနချုပ်က ဆိုပါတယ်။

ဟူသီတွေဟာ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေနဲ့ စည်းလုံးညီညွတ်မှုကို ပြသတဲ့အနေနဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့က သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီးအဓိက သင်္ဘောလမ်းကြောင်းကို ခြိမ်းခြောက်နေတဲ့ နိုင်ငံတကာ လုံခြုံရေး စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

“လက်နက်ကိုင်အဖွဲ့တွေအတွက် အီရန်ရဲ့ပံ့ပိုးမှုက နိုင်ငံတကာနဲ့ ဒေသတွင်းလုံခြုံရေး၊ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေ၊ သံတမန်ရေးဝန်ထမ်းတွေနဲ့ ဒေသတွင်းက နိုင်ငံသားတွေအပြင် ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကိုပါ ခြိမ်းခြောက်နေပါတယ်။ အီရန်ရဲ့ မတည်မငြိမ်ဖြစ်စေတဲ့ လုပ်ဆောင်မှုတွေကို ရပ်တန့်ဖို့ တတ်နိုင်သမျှ ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ အမေရိကန်ဗဟိုဌာနချုပ်က ဆိုပါတယ်။

ယီမင်နိုင်ငံကိုသွားရာလမ်းမှာ အီရန်တပ်ဖွဲ့ထံကနေ သိမ်းဆည်းရမိခဲ့တဲ့ ၇.၆၂ မီလီမီတာ ခဲယမ်းမီးကျောက် ၁.၁ သန်းကိုလည်း အောက်တိုဘာလအစောပိုင်းက ယူကရိန်းကို အလားတူလွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ယူကရိန်းအတွက် အရေးပါတဲ့ အမြောက်တွေနဲ့ လေကြောင်းရန် ကာကွယ်ရေး ခဲယမ်းတွေအတွက် ဒေါ်လာ ၆၀ ဘီလီယံ ရန်ပုံငွေကို ကွန်ဂရက်လွတ်တော်မှာ ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေက ပိတ်ဆို့ထားခဲ့ပါတယ်။

” ဒီပိတ်ဆို့ထားမှုဟာ အမေရိကန်ပြည်ထောင်စုကို အားကိုးလို့မရတဲ့ မိတ်ဖက်နိုင်ငံတစ်ခုဖြစ်စေပြီး ကမ္ဘာတဝှမ်းက အာဏာရှင်တွေကို အားပေးထက်သန်လာစေမယ့် အချက်ပဲ” လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောကြားခဲ့ပါတယ်။

အမေရိကန်ဟာ ၂၀၂၄ ခုနှစ်အတွက် ပထမဆုံးသော ဒေါ်လာသန်း ၃၀၀ အကူအညီပေးရေးအစီအစဉ်ကို ကြေညာခဲ့ပြီး ဒီအကူအညီထဲမှာ လေကြောင်းဆန့်ကျင်ရေးလက်နက်၊ တင့်ကားဖျက်လက်နက်နဲ့ အမြောက်ကျည်တွေ ပါဝင်ပေမယ့် ခဏအတွင်းမှာ ကုန်သွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

အဆိုပါ ပက်ကေ့ချ်ကို ပင်တဂွန်က အခြားဝယ်ယူမှုတွေအတွက် သိမ်းဆည်းထားတဲ့ ငွေတွေကို အသုံးပြုကာ ထောက်ပံ့ခဲ့တာဖြစ်ပြီး ကွန်ဂရက်လွှတ်တော်မှာ သောင်မတင်ရေမကျဖြစ်နေပေမယ့် ယူကရိန်းကို ကူညီပံ့ပိုးခဲ့တယ်လို့ ဆိုပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲစတင်ကတည်းက အမေရိကန်ကန်ဟာ ယူကရိန်းအတွက် အကြီးမားဆုံးထောက်ပံ့ခဲ့သူဖြစ်ပြီး အကူအညီအဖြစ် ဒေါ်လာဘီလီယံပေါင်းများစွာကို ကတိပြုထားပါတယ်။

Ref; TDP.


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။