Trending Now

အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပြီး ကျန်းမာရေး အကျိုးကျေးဇူး များစေတဲ့ သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်)၏ စုပေါင်းသွေးလှူဒါန်းပွဲ

Spread the love

အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပြီး ကျန်းမာရေး အကျိုးကျေးဇူး များစေတဲ့ သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်)၏ စုပေါင်းသွေးလှူဒါန်းပွဲ

EPN
သတင်းဆောင်းပါး
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၇
ကမ္ဘာပေါ်မှာ စက္ကန့်တိုင်း တစ်နေရာရာမှာ လူတစ်ဦး တစ်ယောက်က သွေးလိုအပ်နေပါတယ်။ သွေးသွင်းခြင်းဟာ လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်တဲ့ မရှိမဖြစ် လိုအပတဲ့ ကျန်းမာရေး. စောင့်ရှောက်မှု တစ်ခုဖြစ်ပါတယ်။ သွေးသွင်းကုသခြင်းဟာ ခက်ခဲရှုပ်ထွေးတဲ့ ဆေးကုသမှု၊ ခွဲစိတ်မှုနဲ့ အရေးပေါ် အခြေအနေတွေမှာ အလွန်အရေးပါ ပါတယ်။ စေတနာ သွေးလှူရှင်တွေထံကနေ ပုံမှန် သွေးလှူဒါန်းမှုကို ရရှိမှသာ သွေးကို လိုအပ်တဲ့အချိန် လိုအပ်တဲ့ နေရာတိုင်းမှာရရှိနိုင်မှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ ဆိုရင်လည်း သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်)နဲ့ မြစ်ကြီးနားမြို့ပေါ်ရှိ အသင်းအဖွဲ့တွေ စုပေါင်းပြီးတော့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ခန်းမမှာ သွေးအလုံးရေ (၈၀) ကျော်ကို လှူဒါန်းခဲ့ကြပါတယ်။

အဲ့ဒီ စုပေါင်းသွေးလှူဒါန်းပွဲဟာဆိုရင် သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်) အဖွဲ့၊ မြစ်ကြီးနားမြို့ပေါ်ရှိ လူမူကူညီရေး အသင်းအဖွဲ့တွေက သွေးလှူရှင်တွေ၊ နည်းပညာတက္ကသိုလ်နဲ့ ကွန်ပြူတာ တက္ကသိုလ်က ကျောင်းသူ/ကျောင်းသား သွေးလှူရှင်တွေ စုစုပေါင်း (၂၂) ဖွဲ့ တို့ကနှေ ပါဝင်လှူဒါန်းခဲ့ကြတာဖြစ်ပြီးတော့ စုစုပေါင်း သွေးအလုံးရေ (၈၆) လုံးတိတိ လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။

ဆေးရုံတွေ၊ သွေးလှူဘဏ်တွေမှာ လိုအပ်နေတဲ့ သူတွေကို ကယ်တင်ဖို့အတွက် သွေးတွေ အများကြီးကို နေ့စဉ် နေ့တိုင်း လိုအပ်နေပါတယ်။ ဒါ့ကြောင့်လည်း သွေးလှူခြင်း ဟာ လူ့အသက်တွေကို ကယ်တင်ပေးနိုင်တဲ့ အရမ်းမွန်မြတ်တဲ့ လုပ်ငန်းလေးတစ်ခုလို့ ပြောကြပါတယ်။အကယ်၍ စေတနာအလျောက် အခကြေးငွေမပါတဲ့ သွေးလှူဒါန်းမှု မရှိခဲ့ဘူးဆိုရင် လူနာတွေအတွက် သွေးကို လွယ်လင့်တကူ ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် စေတနာအလျောက် အခကြေးငွေမပါတဲ့ သွေးလှူဒါန်းသူတွေဟာ ဘေးကင်းပြီး စိတ်ချရတဲ့သူတွေဖြစ်လို့ သွေးကတစ်ဆင့် ရောဂါပိုး ကူးစက်နိုင်ခြေ အနိမ့်ဆုံးလည်း ဖြစ်ပါတယ်။ သွေးသွင်းကုသမှုလုပ်ငန်းတွေ အန္တရာယ်ကင်းဖို့အတွက် လှူဒါန်းထားတဲ့ သွေးတွေကို ရောဂါပိုးစစ်ဆေးမှု ပြုလုပ်ရမှာဖြစ်ပြီး မလိုအပ်တဲ့ သွေးသွင်း ကုသမတွေကို လျှော့ချဖို့်လည်း အရေးကြီးပါတယ်။

မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၌ သွေးလိုအပ်တဲ့ လူနာတွေအတွက် လိုအပ်တဲ့အချိန်မှာ အဆင်သင့် လွယ်ကူစွာ ရရှိ၊ အသုံးပြုနိုင်စေဖို့နဲ့ မျိုးဆက်သစ် သွေးအလှူရှင်တွေ ပိုမိုများပြားလာစေဖို့ ရည်ရွယ်ပြီး သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်)၊ ဥက္ကဌ ဦးတွမ်ပီချင်းရဲ့ ဦးဆောင်စီစဉ်ပေးမှုနဲ့ စုပေါင်းသွေးလှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်တယ်လို့လည်း သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်) အတွင်းရေးမှူး က ပြောဆိုထားတာကို တွေ့ရပါတယ်။

သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်) ကို ၂၀၁၈ ခုနှစ် ၁၂ လပိုင်းကစတင် ထည်ထောင်ခဲ့ကာ စုပေါင်း သွေးလှူဒါန်းပွဲတွေကို (၁၃) ကြိမ်မြောက် အထိ ကျင်းပနိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့နှစ်တွေက ကိုဗစ် ရောဂါကြောင့် ရပ်နားခဲ့ရတာဖြစ်ပြီး အခု ၂၀၂၃ ခုနှစ်မှာမှ စုပေါင်းသွေးလှူဒါန်းမှုတွေကို ပြန်လည် ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သွေးလှူခြင်းဟာ သွေးလိုအပ်နေတဲ့ အခြားသူတစ်ယောက်ကို ကူညီပေးနိုင်ရုံတင် မကပါဘူး။ လှူဒါန်းတဲ့ သူအတွက်လည်း ကိုယ်ခန္ဓာကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီးရစေနိုင်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပါ အထောက်အကူဖြစ်စေပါတယ်။ သွေးလှူရှင်တွေအနေနဲ့ သွေးလိုနေတဲ့ လူနာအတွက် သွေးလှူလိုက်ရလို့ ကျေနပ်ပီတိတွေ ခံစားရတာအပြင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါသေးတယ်။ လူရဲ့ခန္ဓာကိုယ်က ထုတ်လုပ်ပေးနေတဲ့ သွေးကို ပုံမှန် လှူဒါန်းပေးခြင်းဟာ သွေးထဲက ကိုလက်စထရော ပမာဏကို ထိန်းထားနိုင်စေပါတယ်။ အထူးသဖြင့် ပုံမှန်သွေးလှူဒါန်းတဲ့ အမျိုးသားတွေအတွက် ကျန်းမာရေး အကျိုးကျေးဇူး များစေပါတယ်။ ထုတ်လှူလိုက်တဲ့သွေးနဲ့အတူ ပါသွားတဲ့ သံဓါတ်တွေကြောင့် သွေးလှူရှင်ရဲ့ ခန္ဓာကိုယ်ထဲက သံဓါတ်တွေ လျှော့နည်းစေပါတယ်။ အမျိုးသမီးတွေအနေနဲ့ ရာသီဓမ္မတာကြောင့် လစဉ် ခန္ဓာကိုယ်ထဲကနေ သွေးတွေ ဆုံးရှုံးထွက်ရှိလို့ သံဓါတ်ပမာဏ လျော့နည်းကြပေမယ့် အမျိုးသားတွေအနေနဲ့ သွေးလှူဒါန်းမှုကနေပဲ ကိုယ်တွင်းက သံဓာတ်ပမာဏကို လျော့နည်းစေတာပါ။

ထုတ်လှူလိုက်တဲ့ သွေးတွေကို အစားထိုးပေးဖို့အတွက် ခန္ဓာကိုယ်က သွေးအသစ်တွေကို အချိန်ပိုင်းအတွင်း ပြန်လည် ထုတ်လုပ်ပေးပါတယ်။ အဲဒီလို ထုတ်လုပ်ပေးတဲ့အတွက် သွေးဆဲလ်အသစ်တွေကို ရရှိစေပါတယ်။ ဒါကြောင့် သွေးလှူဒါန်းတာဟာ လတ်ဆတ်တဲ့ သွေးသစ်တွေ ရရှိစေပြီး ကျန်းမာ လန်းဆန်းစေပါတယ်။ သွေးလှူဒါန်းတဲ့အခါ သွေးမလှူခင်မှာ သွေးလှူရှင်ကို ကျန်းမာရေး စစ်ဆေးပါတယ်။ သွေးပေါင်ချိန်၊ သံဓါတ် ပမာဏ၊ ကိုယ်အလေးချိန် စတာတွေကို စစ်ပေးပါတယ်။ ဒါကြောင့် သွေးလှူရှင်အနေနဲ့ ပုံမှန် ကျန်းမာရေး စစ်ဆေးခံရသလို ဖြစ်စေပါတယ်။ အဲဒါ့တွေအပြင် သွေးထဲမှာ အိတ်ချ်အိုင်ဗွီ၊ အသည်းရောင် အသားဝါ ဘီပိုး စီပိုး၊ ကာလသားရောဂါပိုး၊ ငှက်ဖျားပိုး ပါ မပါကိုပါ စစ်ပေးပါသေးတယ်။ ဒါပေမယ့် အဲဒီလို ရောဂါပိုးတွေ ရှိမရှိ သိချင်လို့ သွေးလှူဒါန်းတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ပုံမှန် သွေးလှူဒါန်းတာဟာ လူသားဆန်တဲ့ ကျေနပ်ပီတိတွေအပြင် ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး များပါတယ်။

သွေးလှူခြင်းဟာ အသက်ကယ်ခြင်းတစ်မျိုး ဖြစ်တာကြောင့် ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ စေတနာသွေးလှူရှင် တွေကို လေးစားဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ဇွန်လ ၁၄ ရက် နေ့ကို “ World Blood Donar Day @ ကမ္ဘာ့သွေးလှူရှင်များနေ့” လို့လည်း သတ်မှတ်ခဲ့ကြပါတယ်။၂၀၁၉ ခုနှစ် မေလမှ စတင်ပြီး သွေးမှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေရဲ့ အန္တရာယ်က ကင်းဝေးစေဖို့အတွက် nucleic acid testing ကို အမျိုးသားသွေးဌာနက အသုံးပြုခဲ့ပါတယ်။ စေတနာရှင် တစ်ဦးရဲ့ သွေးလှူဒါန်းမှုတစ်ခုတိုင်း စစ်ဆေးမှုတွေကို ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရက ငွေ ကျပ် ၂၅,ဝဝဝ ခန့် ကျခံအသုံးပြုလျက်ရှိပါတယ်။

ဒါ့အပြင် အသက် (၁၈) နှစ် မှ (၅၅) နှစ် အတွင်းရှိသူတွေသာ သွေးလှူဒါန်းနိုင်တယ်လို့ ကျန်းမာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အမျိုးသားတွေ အနေနဲ့ ကိုယ်အလေးချိန် (၁၁၀) ပေါင် အထက်ရှိရမှာဖြစ်ကာ အမျိုးသမီးတွေ အနေနဲ့ ကိုယ်အလေးချိန် (၁၀၀) ပေါင် အထက်ရှိရမှာ ဖြစ်ပါတယ်။ သွေးလှူတန်းမယ့် သူတွေဟာ အိပ်ရေး၀၀အိပ်စက်ထားရန်၊ လတ်တလော အရက်သေစာသောက်သုံးထားခြင်းမရှိရန်၊ လွန်ခဲ့တဲ့ (၆) လ အတွင်း ဆေးမင်ကြောင်ထိုးထားခြင်းမရှိရန် လိုအပ်ပါတယ်။ ဒါ့ပြင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင် မဖြစ်ရန်၊ လတ်တလော ဓမ္မတာလာခြင်း မရှိရန်၊ လတ်တလော ရောဂါဝေဒနာ မရှိရန်၊ နားဖောက်ခဲ့ခြင်း နဲ့ အပ်စိုက်ကုထုံး ခံယူခဲ့ခြင်းတွေ မရှိရန် လိုအပ်ပြီး အချက်အလက်တွေနဲ့ ကိုက်ညီမှာသာ သွေးလှူဒါန်းခွင့် ပြုမှာဖြစ်တယ်လို့ ဖော်ပြချက်အရ သိရပါတယ်။

သွေးအလှူရှင်တွေဆီက သွေးထုတ်ယူရာမှာ သုည ဒသမ ၄၅ လီတာ ရှိတဲ့ သွေးပမာဏကိုသာ ထုတ်ယူသွားမှာပြီး အချိန် နာရီဝက်ခန့် ကြာမြင့်မှာဖြစ်ပါတယ်။အလှူရှင်ဆီက ထုတ်ယူထားတဲ့ သွေးတွေကို အိတ်ချ်အိုင်ဗီ၊ အသည်း ရောင်(ဘီ)(စီ)၊ ဆစ်ဖလစ်ရောဂါ ရှိ၊ မရှိ စစ်ဆေးပြီး ရောဂါပိုးကင်းစင်တဲ့ သွေးကိုသာ လူနာတွေအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သွေးလှူရှင်တွေမှာ လေဖြတ်တာနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေ အလားအလာဟာ သွေးမလှူတဲ့ လူထက် သုံးပုံတစ်ပုံ နည်းပါးတယ်ဆိုတာကို Kansas University Medical Centerက လေ့လာတွေ့ရှိခဲ့ပါတယ်။ ခန္ဓာကိုယ်ထဲမှာ သံဓါတ်ပမာဏ များလွန်းနေတာဟာ မကောင်းပါဘူး။ သံဓါတ်တွေဟာ ကိုလက်စထရောလ် ဖြစ်စေတဲ့အရာမှာ တစ်ခုအပါအဝင်ပေါ့။ ကိုလက်စထရောလ် များလွန်းနေရင် နှလုံးရောဂါနဲ့ လေဖြတ်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်သွေးလှူဒါန်းတဲ့ သွေးလှူရှင်တွေမှာ သွေးလှူခြင်းဖြင့် သံဓါတ်ပမာဏ လျှော့ချနိုင်ပြီး ကိုလက်စထရောကိုလည်း လျှော့စေပါတယ်။ သွေးလှူပြီးတဲ့နောက်ပိုင်း ကိုယ်အလေးချိန်တိုးပြီး ဝလာမယ်ဆိုတဲ့ အယူအဆ အမှားတွေလည်း ရှိပါတယ်။ တကယ်တမ်းမှာတော့ ထုတ်ယူလိုက်တဲ့ သွေးတစ်အိတ်ကြောင့် သွေးလှူရှင်မှာ ကယ်လိုရီ ၆၅၀ စာ လျော့ကျစေပါတယ်။ သွေးလှူလိုက်လို့လည်း အားနည်းမယ်ဆိုတာလည်း မဟုတ်ပါဘူး။

ကချင်ပြည်နယ်က လူငယ်တွေ အနေနဲ့လည်း အရက်သေစာ သောက်စားတာတွေ၊ မူးယစ်ဆေး သုံးစွဲတာတွေနဲ့ လမ်းလွဲနေမယ့်အစား မွန်မြတ်တဲ့ အလှူတစ်ခုဖြစ်ပြီး ကျန်းမာရေးအတွက် အကျိုးများစေတဲ့ စေတနာ့ သွေးလှူရှင်တွေ ဖြစ်ကြစေဖို့ အရွယ်ရောက်ပြီးသူတိုင်း သွေးလှူကြဖို့ တိုက်တွန်းလိုက်ပါရစေ။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။