Trending Now

ပူတာအိုမြို့နယ်အတွင်းက ချောက်ကော စိုက်ပျိုးသူ တောင်သူများ မြစ်ကြီးနား-ပူတာအို လမ်းကြောင်းပိတ်ထား၍ အရှုံးပေါ်

Spread the love

ပူတာအိုမြို့နယ်အတွင်းက ချောက်ကော စိုက်ပျိုးသူ တောင်သူများ မြစ်ကြီးနား-ပူတာအို လမ်းကြောင်းပိတ်ထား၍ အရှုံးပေါ်

EPN
မြစ်ကြီးနား၊ မတ် ၂၉ (၂၀၂၄)

ပူတာအိုမြို့နယ်အတွင်း ဒေသခံပြည်သူများ အနေဖြင့် စီးပွားဖြစ်စိုက်ပျိုးနေသည့် ချောက်ကောများကို မြစ်ကြီးနားသို့ တင်ပို့ရန် မြစ်ကြီးနား-ပူတာအို လမ်းကြောင်းပိတ်ထားသည့်အတွက် အရှုံးနှင့် ရင်ဆိုင်နေရကြောင်း ချောက်ကော စိုက်ပျိုးတောင်သူများက ဆိုသည်။

မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းတွင် တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား မတ်လ (၈) ရက်နေ့ကစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့၍ ယင်းလမ်းပိုင်းအား ပိတ်ပင်ထားခြင်းကြောင့် ချောက်ကော စိုက်ပျိုးသူ တောင်သူများအနေဖြင့် ရောင်းချရန် ကြန့်ကြာနေပြီး၊ ချောက်ကောများ ပျက်စီးဆုံးရှုံးမှုများ ရှိလာနေကြောင်း ပူတာအိုဒေသခံများက ဆိုသည်။

” ငွေတိုးချေးပြီး စိုက်ပျိုးထားတဲ့ ချောက်ကောတွေ အခုဆို ရောင်းစားဖို့ အချိန်ရောက်နေပြီ။ အခုထိ မရောင်းရသေးဘူး ပူတာအိုမြို့ပေါ်မှာ ရောင်းရင်လည်း ဈေးမရဘူး။ ဈေးကောင်းရတဲ့ မြစ်ကြီးနားကို ဆင်းပြီးရောင်းဖို့ အခုထိ လမ်းတွေပိတ်ထားလို့ မဆင်းရဲဘူး။ ချောက်ကောတွေ အိမ်မှာသောင်တင်နေတယ်။ ဒီထက် ထပ်ကြာရင်တော့ ဈေးကောင်းမရပဲ အရှုံးပေါ် နိုင်တယ် ” ဟု ၎င်းကရှင်းပြသည်။

ပူတာအို-မြစ်ကြီးနား ကားလမ်းပိုင်းတွင် တပ်မတော်နှင့် KIA၊ PDF ပူး‌ပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေ၍ အဆိုပါလမ်းပိုင်အား ပိတ်ပင်ထား၍ ပူတာအိုခရိုင်အတွင်း၌ ကုန်စည်ပြတ်လပ်ခြင်းများ၊ အခြေခံစားသောက်ကုန်စည်များ၊ အဆမတန် ဈေးနှုန်းမြင့်တက်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ပူတာအိုမြို့‌ ဒေသခံများသည် ဝင်ငွေတစ်ခုအဖြစ် (ချောက်ကော) ဟင်းခတ်အမွှေးအကြိုင် စိုက်ပျိုးခြင်းများကို ၂၀၁၉ ခုနှစ်အတွင်းကစ၍ တစ်ပိုင်တနိုင် အဆင့်မှ စီးပွားဖြစ်အဆင့်သို့ ပြောင်းလဲ စိုက်ပျိုးလုပ်ကိုင် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပူတာအိုခရိုင်အတွင်းရှိ ဒေသခံပြည်သူများသည် ချောက်ကော ဟင်းခတ်အမွေးအကြိုင်များကို မြစ်ကြီးနားသို့ လည်းကောင်း၊ ခေါင်လန်းဖူး၊ ရှိန်းခေါင်ဒေသဘက်မှ တရုတ်နိင်ငံသို့ လည်းကောင်း ပို့ဆောင်လေ့ရှိခဲ့သော်လည်း ကိုဗစ် (၁၉) ရောဂါ ဖြစ်ပွားခဲ့သည့် အချိန်တွင် တရုတ်နိုင်သို့ တင်ပို့ခြင်းအား ရပ်တန့်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ကချင်အထူးဒေသ (၁) နယ်မြေများတွင်လည်း ချောက်ကော ဧက ၃၀၀၀၀ ကျော် (အပင် ၁၂ သန်းကျော်) စိုက်ပျိုးနိုင်ခဲ့ရာ ယင်းမှ စီမံကိန်း ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းရှင်မှ ချောက်ကောတန်ချိန် ၈၀၀ ကျော် (ယွမ် ၁၅ သန်းဖိုး) ဝယ်ယူခဲ့သောကြောင့် ဒေသခံများ ဝင်ငွေတိုးခဲ့ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။