Trending Now

BRICS ထိပ်သီးအစည်းအဝေးကို ရုရှားသမ္မတပူတင် တက်ရောက်မှာ မဟုတ်ဘူးလို့ တောင်အာဖရိက အတည်ပြု

Spread the love

BRICS ထိပ်သီးအစည်းအဝေးကို ရုရှားသမ္မတပူတင် တက်ရောက်မှာ မဟုတ်ဘူးလို့ တောင်အာဖရိက အတည်ပြု

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၁

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ သြဂုတ်လအတွင်းမှာ ကျင်းပသွားမယ့် BRICS ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ တောင်အာဖရိကက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုခဲ့ပြီး ပူတင် အစည်းအဝေးကို တက်ရောက်ပါက ဖမ်းဆီးခံရနိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ အဆုံးသတ်သွားခဲ့ပါတယ်။

မတ်လအတွင်းမှာ စစ်ရာဇဝတ်မှုစွပ်စွဲချက်တွေနဲ့ ရုရှားသမ္မတကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တောင်အာဖရိကဟာ အိမ်ရှင်အဖြစ် လက်ခံကျင်းပရမယ့် BRICS ထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်လို့ အကျပ်အတည်းတွေရင်ဆိုင်ခဲ့ရပါတယ်။

တောင်အာဖရိက ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ သြဂုတ်လ ၂၂ ရက်ကနေ ၂၄ ရက်နေပအထိကျင်းပပြုလုပ်သွားမယ့် BRICS ထိပ်သီးအစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘရာဇီး၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက ခေါင်းဆောင်တွေနဲ့အတူ ပူတင်အစား ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေ လက်ဗရော့ဗ် တက်ရောက်သွားမှာဖြစ်ပါတယ်။

တောင်အာဖရိကသမ္မတ ဆိုင်ရေးလ်ရာမာဖိုဆာ နဲ့ BRICS နိုင်ငံအုပ်စုက ခေါင်းဆောင်တွေ အင်္ဂါနေ့ညမှာ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ပြီးနောက် အဆိုပါကြေညာချက်ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ရရှားသမ္မတ ပူတင်က အစည်းအဝေးကို ဗီဒီယိုခေါ်ဆိုမှုနဲ့ တက်ရောက်သွားမယ်လို့ ပြောပါတယ်။

ယူကရိန်းက ကလေးတွေကို တရားမဝင် ပြည်နှင်ဒဏ်ပေးမှုနဲ့ ရရှားသမ္မတ ပူတင်ကို ICC က ဖမ်းဝရမ်းထုတ်ခဲ့ပြီး ရုရှားဟာ ICC အဖွဲ့ဝင်မဟုတ်တာကြောင့် ဖမ်းဝရမ်းက တရားဝင် ပျက်ပြယ်သွားပြီလို့ ရုရှားကပြောပါတယ်။

နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တောင်အာဖရိကဟာ ရုရှားသမ္မတ ပူတင် ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာကျင်းပပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးကို တက်ရောက်လာခဲ့မယ်ဆိုပါက ဖမ်းဆီးဖို့ တာဝန်ရှိနေတာလည်းဖြစ်ပါတယ်။

Ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။