Trending Now

ရုရှားက နျူလက်နက်စမ်းသပ်မှု တားမြစ်ရေးစာချုပ်ကနေ နှုတ်ထွက်

Spread the love

ရုရှားက နျူလက်နက်စမ်းသပ်မှု တားမြစ်ရေးစာချုပ်ကနေ နှုတ်ထွက်

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၇

ဘက်စုံနျူကလီးယားစမ်းသပ်မှု တားမြစ်ရေးအဖွဲ့ (CTBTO) ဆိုင်ရာ ရုရှားသံတမန် မီခေးလ် အာလီယာနိုဗ်က ၁၉၉၆ ခုနှစ် ဘက်စုံနျူကလီးယား စမ်းသပ်မှု တားမြစ်ရေး သဘောတူစာချုပ် (CTBT) ကို ရုရှားက အသိအမှတ်ပြုမှု ရုပ်သိမ်းကြောင်း သောကြာနေ့က ကြေညာလိုက်ပါတယ်။

“ရည်ရွယ်ချက်ကတော့ ဒီစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အမေရိကန်နဲ့ တန်းတူရည်တူရှိဖို့ ရည်ရွယ်ထားပေမယ့် အတည်ပြုချက်မပေးနိုင်ပါဘူး။ ရုတ်သိမ်းတာဟာ နျူကလီယားစမ်းသပ်မှုတွေ ပြန်စဖို့ ရည်ရွယ်ချက်ကို မဆိုလိုပါဘူး” လို့ မီခေးလ် အာလီယာနိုဗ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

အမေရိကန် လက်မှတ်ရေးထိုးထားတဲ့ CTBT စာချုပ်ဟာ လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင်းမရှိသေးပေမယ့် အမေရိကန်က နျူလက်နက်စမ်းသပ်ဖောက်ခွဲမှုတွေကို ၁၉၉၂ ခုနှစ်ကတည်းက ဆိုင်းငံ့ထားခဲ့တယ်လို့ ဆိုပါတယ်။

“ဒီနေ့ ဗီယင်နာမှာရှိတဲ့ သံအမတ်ကြီး အာလီယာနိုဗ် ရဲ့ မှတ်ချက်တွေကြောင့် ကျွန်တော်တို့ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုက ရုရှားရဲ့ သဘောတူညီချက်ကို ရုပ်သိမ်းရန် ဆုံးဖြတ်ချက်ပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဒီလုပ်ရပ်ဟာ နျူကလီးယား ဖောက်ခွဲစမ်းသပ်မှုကမ္ဘာ့စံနှုန်းကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

“ ဒီလိုလုပ်ဆောင်တာဟာ နျူကလီယားဖောက်ခွဲစမ်းသပ်မှုကို ဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာစံနှုန်းကို မလိုအပ်ဘဲ အန္တရာယ်ဖြစ်စေပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ယူကရိန်းအတွက် အမေရိကန်ရဲ့ စစ်ရေးထောက်ပံ့မှုတွေနဲ့ ပတ်သက်တဲ့ တင်းမာမှုတွေကြားမှာ ရုရှားက ဒီဆုံးဖြတ်ချက်ကို အကျပ်ကိုင်တဲ့ပုံစံအဖြစ် အသုံးပြုနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က အဆိုပါစာချုပ်နဲ့ ပတ်သက်လို့ ရုရှားရဲ့ အတည်ပြုချက်ကို ပြန်လည်အကဲဖြတ်ရန် ဖြစ်နိုင်ခြေကို ယခင်ကလည်းပြောဆိုခဲ့တယ်လို့ အောက်တိုဘာ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဖိုရမ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

“သီအိုရီအရ၊ သဘောတူညီချက်ကို ရုပ်သိမ်းနိုင်ပါတယ်၊ ဒါက အဖွဲ့ဝင်တွေပေါ်မှာ မူတည်တယ်” လို့ ပူတင်က ပြောပါတယ်။

အောက်တိုဘာ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဖိုရမ်အတွင်းမှာ ရုရှားအနေနဲ့ နျူကလီးယားစမ်းသပ်မှုတွေ ပြန်လည်ပြုလုပ်ဖို့ လိုအပ်တယ်လို့ အချို့က ဆွေးနွေးခဲ့ကြပေမယ့် ဒီသဘောထားနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ မပြောဆိုနိုင်သေးဘူးလို့ ပူတင်က ပြောပါတယ်။

“ကျွန်တော်တို့ စမ်းသပ်မှုပြုလုပ်ဖို့ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ လက်ရှိအချိန်မှာတော့ ပြောဖို့ အဆင်သင့်မဖြစ်သေးပါဘူး” လို့ သူက ပြောပါတယ်။

ရုရှားက တားမြစ်ချက်ကို ရုပ်သိမ်းလိုက်တာဟာ နျူဗုံးစမ်းသပ်မှုတွေ ပြန်လည်စတင်နိုင်ဖို့ လမ်းခင်းလိုက်တာလာလို့ သတင်းထောက်က မေးမြန်းခဲ့ရာ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပတ်စ်ကော့ဗ်က ” ဒီကြေညာချက်ဟာ နျူကလီးယားစမ်းသပ်မှုတွေ ပြန်စဖို့ ရည်ရွယ်တယ်လို့ မဆိုလိုပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နျူလက်နက်နိုင်ငံအားလုံးကို နျူကလီးယားစမ်းသပ်မှုကို ဆိုင်းငံ့ထားဖို့နဲ့ CTBT ဆိုင်ရာ ကတိကဝတ်တွေကို ပြန်လည်အတည်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။

CTBTO ရဲ့ အမှုဆောင်ဒါရိုက်တာ ရောဘတ်ဖလွိုက်က နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် CTBT စာချုပ်ရဲ့ အရေးကြီးပုံကို အလေးပေးပြောဆိုခဲ့ပြီး လက်မှတ်ရေးထိုးခြင်းကနေ နှုတ်ထွက်မယ့် ဘယ်နိုင်ငံကိုမဆို စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Ref; Aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။