Trending Now

တရုတ်တစ်သျူးငှက်ပျောကားများဖြတ်သန်းသွားလာမှုကြောင့် ရွှေညောင်ပင်-တာလောကြီး လမ်းပိုင်းပျက်စီးကာ သွားလာရန်ခက်ခဲနေဟု ဒေသခံများဆို

Spread the love

တရုတ်တစ်သျူးငှက်ပျောကားများဖြတ်သန်းသွားလာမှုကြောင့် ရွှေညောင်ပင်-တာလောကြီး လမ်းပိုင်းပျက်စီးကာ သွားလာရန်ခက်ခဲနေဟု ဒေသခံများဆို

EPN
မြစ်ကြီးနား၊ ဇူလိုင် ၈

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ရွှေညောင်ပင်-တာလောကြီးလမ်းပိုင်း၌ တရုတ်တစ်သျူး ငှက်ပျောတင် ကားကြီးများ ဖြတ်သန်းသွားလာနေမှုကြောင့် နှစ်စဉ်မိုးတွင်းကာလတွင် သွားလာရန် ခက်ခဲလျက်ရှိနေကြောင်း ယင်းဒေသခံများက ဆိုသည်။

အဆိုပါလမ်းပိုင်း၌ မိုးရာကာလအတွင်း သွားလာရန် ခက်ခဲနေသည်မှာ လေးနှစ်ခန့်ရှိနေပြီ ဖြစ်ကြောင်း သိရပြီး လမ်းပိုင်းပျက်စီးစေသည့် အဓိကအပိုင်းမှာ တရုတ်တစ်သျူးငှက်ပျောကားကြီးများ ဖြတ်သန်းသွားလာမှုကြောင့် ဟုဒေသခံများကဆိုသည်။

အဆိုပါလမ်းပိုင်းမှာ ကျောက်ခင်းလမ်းဖြစ်ပြီး အပေါ်ယံတွင် မြေသားဖုံးလွှမ်းထားသောကြောင့် ယခုကဲ့သို့ ပျက်စီးနေရခြင်းဖြစ်ကြောင်း တာလောကြီးဒေသခံတစ်ဦးဖြစ်သူ ဦးတင်မြင့်က ပြောသည်။

“မိုးတွင်းရောက်လာပြီဆိုရင် ဒီကျောက်လမ်းက ယာဉ်ကြီးတွေသွားတဲ့အခါကြတော့ မြေသားက မသေသေးတဲ့အခါကြတော့ ပျက်စီးတာပေါ့။ ပြီးတော့ကုန်တွေတင်တဲ့ဒီဝန်ကုန်တွေကလည်း ဓာတ်မြေသြဇာတွေ ဝန်တွေအပြည့်တင်တဲ့အခါ ကြတော့ ကုန်နဲ့လမ်းနဲ့ကမမျှဘူးဖြစ်နေတယ်။ မြေသားတွေကလည်း ပျော့တဲ့အခါကြတော့ ဝန်၊ ကုန်တွေက အများကြီးသွားလာတဲ့အခါကြတော့ လမ်းတွေကပျက်စီးတယ်  ဒါကြောင့်လည်းဒေသခံတွေက ဒီရာသီမှာကုန်ကားကြီးတွေ မသွားစေချင်တာ”ဟု ဦးတင်မြင့်က ပြောသည်။

ယခုကဲ့သို့လမ်းပိုင်းပျက် စီးနေခြင်းကြောင့် ဒေသခံများ၏ သွားလာရေး၊ သယ်ယူပို့ဆောင်ရေး အပိုင်းများတွင် အခက်အခဲကြုံတွေ့နေရကြောင်း ယင်းဒေသခံများကဆိုသည်။

“ဒေသခံတွေက ကားအငယ်လေးတွေနဲ့ သွားလာနေရတဲ့အခါကြတော့လမ်းမပျက်ဘူး။ ဟို တန်လေးဆယ် ငါးဆယ်တင်တဲ့ကားကြီးတွေသွားပြီး နစ်ပြီဆိုရင်တော့ အဲ့ဒီနစ်တဲ့နေရာမှာက မြောင်းလုံးကြီးလိုလိုဖြစ်သွားတယ်။ အဲ့ဒါကိုလိုက်ပြီးပြင်နေရတော့နောက်က သွားလာနေရတဲ့ သူတွေက အဆင်မပြေတော့ဘူး”ဟုတာလောကြီးဒေသခံတစ်ဦး က ပြောသည်။

နှစ်စဉ်ပျက်စီးနေသည့် အဆိုပါလမ်းပိုင်းကို ပြု ပြင်ထိန်းသိမ်းမှုအားနည်းနေပြီး တာဝန်ရှိ သက်ဆိုင်ရာဌာနများက ကွင်းဆင်းစစ်ဆေးကာ တာဝန်ယူမှုရှိစေချင်ကြောင်း တာလောကြီးတိုက်နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထူးက ဆိုသည်။

“နှစ်တိုင်းကတော့မိုးရွာရင် လမ်းအရမ်းပျက်စီးပါတယ်။ တရုတ်ကားတွေသွားလို့ လမ်းတွေပိတ်နေရင် ဒေသခံတွေသွားလာရတာတော့အရမ်းခက်ခဲကြတယ်။ ဒီလိုလမ်းပျက်နေရင်ဘယ်သူမှမပြင်ဘူး သက်ဆိုင်ရာကလည်း ဒီလမ်းအတွက် ဘတ်ဂျတ်မကျသေးဘူးလို့ပြောတယ်။ မနှစ်ကတော့ နည်းနည်းလေးပြင်တယ်။ မိုးတွင်းလမ်းပျက်ရင်တော့ ဘယ်သူမှကွင်းဆင်း ပြီး လာမကြည့်ဘူး”ဟု ဦးဆန်းထူးကပြောသည်။

အဆိုပါ တာလောကြီး-ရွှေညောင် ပင်လမ်းပိုင်းကို သမ္မတဦးသိန်းစိန်လက်ထက်၌ ငွေကျပ်သန်းပေါင်း ၃၆၀၀ အသုံးပြု ကာ ဖောက်လုပ်ခဲ့ကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။