Trending Now

အင်းတော်ကြီးတစ်ခေါက် အလည်ရောက်ခဲ့စဉ် မမေ့နိုင်သော…….

Spread the love

အင်းတော်ကြီးတစ်ခေါက် အလည်ရောက်ခဲ့စဉ် မမေ့နိုင်သော…….
(ခရီးသွားသတင်းဆောင်းပါး)

အင်းတော်ကြီးဒေသကို ခရီးသွားဖြစ်သည့်အခါ သဘာဝရှု့ခင်းစစ်စစ်များကို မြင်တွေ့ရခြင်း၊ သန့်ရှင်း လတ်ဆတ်သောလေကို အဝရူရင်း တိတ်ဆိတ်ခြင်းအရသာကို ခံစားရင်း စာအုပ်ထဲတွင်ဖတ်ခဲ့ဖူးသော အင်းတော်ကြီးဒေသအကြောင်းနှင့် မိမိမြင်တွေ့ရသော မြင်ကွင်းများသည်များစွာပြောင်းလဲလာသော အခါ စူစမ်းလေ့လာလိုသည့် မေးခွန်များသည်အစီအရီ ခေါင်းထဲပေါ်လာပြီး စိတ်ထဲတွင်ခြေဆန့်ချင်အောင် လှုံ့ဆော်စိတ်များ ဖြစ်ပေါ်စေမှာ အမှန်ပင်ဖြစ်သည်။

အင်းတော်ကြီးကန်သည် ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း တည်ရှိပြီး ရေကန်၏ အကျယ်မှာ စတုရန်းမိုင် ၁၀၀၊ အရှည် စတုရန်းမိုင် ၅၁၄ အထိရှိ ကျယ်ဝန်းပြီးမြန်မာနိုင်ငံ၏ အကြီးဆုံး ကန်အဖြစ်သည်ဟု လူအများသိကြသည်။ ယင်းရေကန်တည်ရှိရာ ဒေသတွင် မြို့ ၂မြို့ရှိပြီး ကျေးရွာ ပေါင်း ၃၃ ရွာရှိကြောင်း မှတ်သားရသည်။ ထို့အပြင် ကန်ပတ်လည်၌ အင်းတော်ကြီး ဘေးမဲ့တော လည်း တည်ရှိသည်။

အင်းတော်ကြီးကန်သည် မြန်မာနိုင်ငံရှိအကြီးဆုံးရေချိုကန်ကြီးဖြစ်၍ ကန်နှင့်ပတ်ဝန်းကျင် ကြိုးဝိုင်း(၅) ခုကို အင်းတော်ကြီး တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောအဖြစ်၂၀၀၄ ခုနှစ်တွင်သတ်မှတ်ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ်တွင်အာဆီယံ အမွေအနှစ် ဥယျာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ်နှင့် ၂၀၁၇ ခုနှစ်တွင်လူသားနှင့် ဇီဝအဝန်း နယ်မြေအဖြစ် ယူနစ်စကိုက သတ်မှတ်ခြင်း ခံခဲ့ ရသည်။

ထိုသို့  ယူနစ်စကို အမွေအနှစ်ဝင် ရေကန်ကြီးဖြစ်လာသည်နှင့် အမျှ အင်းတော်ကြီးရေကန်သို့ လာပြီး လည်ပတ်သူ များသည် ပြည်သွင်း နိုင်ငံသားများသာမက ပြည်ပနိုင်ငံများမှပါ လာရောက်လည်ပတ်ကြ သည်ကို တွေ့ရသည်။ ၂၀၁၉ ခုနှစ်တွင် အင်းတော်ကြီးဒေသသို့ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား ဧည့်သည် တစ်သောင်းကျော် လာရောက် လည်ပတ်ခဲ့ကြောင်း အင်းတော်ကြီးမြို့အခြေစိုက်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးပြခန်းမှ သိရသည်။

အင်းတော်ကြီးကို လာရောက်လည်ပတ်သော နိုင်ငံခြားသားများနှင့် အပန်းဖြေလာရောက်သူများသည် အများအားဖြင့် အင်းထဲမှာ လှေစီးခြင်း၊ တောင်တက်ခြင်း၊ သဘာဝသားငှက်တိရစ္ဆာန် ကြည့်ရှုခြင်းများ ကို ပြုလုပ်လျက်ရှိကြသည့်အပြင် ဒေသခံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမူများကို လာရောက်လေ့လာကြခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြခန်းမှ တာဝန်ရှိသူဦးဇော်မင်းဦးက ဆိုသည်။

ပတ်ဝန်းကျင်တစ်ဝိုက်မှာ စိတ်ကြည်နှုးစဖွယ်ကောင်းသော ရှုမျှော်ခင်းများ မြင်တွေ့နိုင်သည်။ ရှားပါး နို့်တိုက်သတ္တဝါများ တွေ့ရမည်။ ထို့အပြင် ငှက်များအပါအဝင် မျိုးကွဲတိရစ္ဆာန်များလည်း တွေ့ရသည်။ ထို့ပြင် ယခုလက်ရှိ ပြခန်းများတွင် ထိန်းသိမ်းပြုစု စောက်ရှောက်ထားသည့် ငါးမျိုးစိတ်သာမက ထပ်ပြီး သုတေသနပြုလုပ်နိုင်မည့် အခြားသော ငါးမျိုးနွယ်စုများ ကိုလည်း တွေ့မြင်ရသည်။

အထူးသဖြင့် မျိုးသုဉ်းမည့် အန္တရာယ်ကျရောက်နေသောငှက် ၁၀ မျိုး အပါအဝင် ရွှေ့ပြောင်းနှင့် ဌာနေ ငှက်မျိုးပေါင်း ၂၀၀၀၀၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မျိုးသုဉ်းလုဖြစ်နေသောလိပ် ၅မျိုးနှင့် ၎င်းနေရာတွင်သာ တွေ့နိုင်သည့် ငါးမျိုးစိတ် ၇ မျိုးအပါအဝင် ငါးမျိုးပေါင်း ၉၃ မျိုးတို့ကိုတွေ့ရှိနိုင်သော အဓိကကျသည့် ရေတိမ်ဒေသတစ်ခုဖြစ်သည်။

အဆိုပါ ငှက်မျိုးများအနက် Greylag Geese၊ Oriental Darter၊ Purple Swamphen တို့ကို ယခုလ ဇန်နဝါရီလတွင် တွေ့ရများသည်။ စက်လှေများဖြင့်လှည့်လည်ကြည့်ရှုပါက ရွှံ့ညွှန်ပိုင်းနေ မျိုးစိတ်များ၏ ဘဝရှုခင်းများကို မြင်တွေ့နိုင်သေးသည်။ ကန်နှင့် ရွှံ့ညွှန်ဒေသသည်ဆောင်းခိုငှက်များ ခိုလှုံရာ ဖြစ်သည်။

အင်းတော်ကြီးကန်သို့ ဆောင်းခိုငှက်များသည် မြန်မာနိုင်ငံ၏ မိုးအကုန်အောက်တိုဘာလဆန်းမှစတင်ကာ ပြန်လည် ဝင်ရောက်လာကြပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလဆိုရင် ဆောင်းခိုငှက်အကောင်ရေများ လာသည်။ နှစ်စဉ်စာရင်း ကောက်ယူလို့ရသော အကောင်ရေမှာ နှစ်သောင်းကျော်ခန့်ရှိကြောင်းသည်။ သို့သော် မိုးရာသီတွင် ငှက်ကြီးဝန်ပိုနှင့်ဒေသခံဒေါ် မင်ညို ငှက်များကတော့ ရာသီမရွေးရှိကြောင်း၊ ၎င်း ငှက်များမှာတော့ ညောင်ပင်၊ လုံစန့်၊ ရွှေတောင်ခြေ၊ မမုန်ကိုင်နှင့် လယ်ပုံလေးရွား၏ အင်းအစပ်များတွင် အများဆုံးကျက်စားလေ့ရှိကြောင်း၊ ရေတစ်ဝက် ကုန်းတစ်ဝက် နေလေ့ရှိပြီး ဥပေါက်ရင် ဗေဒါကြား ကိုင်းပင်တွေကြားထဲ ပေါက်ဖွားတတ်ကြောင်း လေ့လာမှတ်သားရသည်။

ဘေးမဲ့တောကင်းစခန်းကို အင်းတော်ကြီးမြို့၊ မိုင်းနောင်၊ နန့်မွန်းမြို့နှင့် ဟဲပုကျေးရွာများတွင် လေးနေရာခွဲ၍ တစ်လလျှင် ကုန်း (၁၅) ရက်နှင့် ရေ(၁၅)ရက်ကို သားငှက်ထိမ်းသိမ်းရေးအတွက် ကင်းလှည့် ဆောင်ရွက်ရင်း ငှက်စာရင်းများကို ပြုစုရကြောင်း အင်းတော်ကြီး ဘေးမဲ့တောမှ တောအုပ် ဦးမြင့်စိုးက ဆိုသည်။

အင်းတော်ကြီးကန်တွင် မြန်မာနိုင်ငံ၌သာမက ကမ္ဘာပေါ်မှာပါ တွေ့ရှိရန်နည်းပြီး ရှားပါးသည့်ရေနယား အုပ်စုဝင်ငါးမျိုးစိတ် အသစ်တစ်ခုကိုတွေ့ရှိ ရပြီး ရေနယား အုပ်စုဝင်ငါးအများစုသည် ပင်လယ် သမုဒ္ဒရာကဲ့သို့ ရေငံရှိရာ အရပ်များတွင်သာ နေထိုင်ကျက်စားလေ့ရှိပြီးအချိုငါးမျိုးစိတ်များသည်ရေချို ရေငံအစပ်တွင် နေတတ်ကြသည်။ ရေငံပိုင်းတွင်သာ သွားလာ နေထိုင် တတ်သည့် မိကျောင်းသွားကြားထိုး တံငါးဟူ၍ဒေသအခေါ်ရှိသည့်ရေနယားငါးမျိုးစိတ်ကိုရေချို ဖြစ်သော အင်းတော်ကြီးကန်အတွင်း၌တွေ့ရှိရသဖြင့်ရေချိုတွင်နေထိုင်သည့် ရှားပါးရေနယား ငါးမျိုးစိတ်အဖြစ်အတည် ပြုမှတ်တမ်း တင်ထိန်းသိမ်းထား ရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးပြခန်းတာဝန်ခံကဆိုသည်။

ဆက်လက်ပြီး ၎င်းက “ ဒီအကောင်လေးများက ဇီဝဗေဒ အခေါ် Indostomidae Paradoxus မျိုးရင်း ရေနယားမျိုးစိတ် များဖြစ်ပါတယ်၊ ဒီလိုသေးငယ်ပြီးသွားကြားထိုးတံသာသာရှိတဲ့ရေနယား အကောင် လေးတွေဟာ အင်မတန်လှုပ်ရှားမှု နှေးကွေးကြပါတယ်၊ ဒီကောင်လေးကရေတိမ်ပိုင်း အပင်တွေကြား မှာနေကြတယ်၊ အင်းတော်ကြီးအရှေ့ဘက်ခြမ်း ဟဲပါးရွာနဲ့ ဇော်ဂျီကွေ့တစ်ဝိုက်မှာအများဆုံးတွေ့ရတယ်။” ဟု ဆိုသည်။

အင်းတော်ကြီးကန်ရေဝပ်ဒေသသည် ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြုထားသော ငှက်များပျံသန်းရာ လမ်းကြောင်းတွင် ဆောင်းခိုငှက်များတစ်ထောက်နားရာ နေရာဖြစ်ကြောင့် ဌာနေပြည်သူများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့များမှ ပူးပေါင်းထိန်းသိမ်းကြိုးစားမှုဖြင့်သာရေရှည်ထိန်းသိမ်းအသုံးပြု သွားနိုင်မှာဖြစ်ကြောင်း အင်းတော်ကြီးဇီဝအဝန်းနယ်မြေသည် အပြည်ပြည်ဆိုင်ရာရေဝပ်ဒေသထိန်းသိမ်းရေးကွန်းယက်ထဲမှအဖွဲ့ဝင်တစ်ခုဖြစ်ပြီးသဘာဝထိန်းသိမ်းရေးပြခန်းမှာလည်းရမ်ဆာအစည်းအဝေးမှ အသိအမှတ်ပြု ထားသောပညာပေး ပြခန်းများထဲမှ ဗဟုသုတများဖလှယ်ရာနေရာဒေသတစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်တောညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ညီညီကျော်က ဆိုသည်။
ထို့အပြင် အင်းတော်ကြီးကန်နှင့်ပတ်လည်တွင် သမိုင်းဝင်လေ့လာစရာရှု့ခင်းမျ ားနှင့်နေရာမျ ားစွာကျန်နေသေးသည်။ အင်းတော်ကြီးဒေသတွင်ရှမ်းနီလူမျိုးများသာအနေများသည်။ ရွာနာမည်များ အားလုံးသည် ရှမ်းအခေါ်အဝေါ်များဖြစ်သလို နောက်ခံသမိုင်းရာဇဝင်များသည်လည်း အင်းတော်ကြီးကန်နှင့်ပတ်သက်နေပြန်သည်။

ဤဒေသသည်အလွန်စိတ်ဝင်စားစရာကောင်းသော ဒဏ္ဏရီပုံပြင်အလာအတိတ်သမိုင်းအဖြစ်များနှင့် အတူသက်ရှိသက်မဲ့ရှေးဟောင်းအမွေအနှစ်များ၊ ရိုးရာအစားအစာများနှင့် အတူ သဘာဝသီးနှံစိုက်ခင်း များ၊ ရွှေမဉ္စူစေတီ၊ ငွေမဉ္စူစေတီ၊ မုဆိုးမစေတီ၊ မုဆိုးမခြေရာ၊ နှီးဘုရားကြီး၊ ရွှေတောင်ငွေတောင်စေတီများနှင့်ရူ့ခင်းသာများ၊ ဟိုဖာကုန်းရူ့ခင်းနှင့် ဟိုဖာအရှင်ကြီးသမိုင်း၊ နန့်မွန်းမြို့ရေတံခွန်တောင်ရူ့ခင်းများစသည့် စသည့်တို့ကို အင်းတော်ကြီးကန်တစ်ပတ်ခရီး ညအိပ်ညနေ အလွယ်တကူသွား လာလည် ပတ်နိူင်သည်။

အစပိုင်းမှာ အင်းတော်ကြီး၏ ရေပြင်ကျယ်ဝန်းမှုနှင့် ပင်လယ်ရေမျက်နှာပြင် ဖေါ်ပြရန်ကျန်ခဲ့သည်။ အင်း တော်ကြီးကန်သည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ ၇၀၀ တွင် တည်ရှိသည်။ မိုးရာသီအချိန်တွင် အနောက်ဘက်ကမ်းရှိ လုံးတုံနှင့် အရှေ့ဘက်ကမ်းရှိ ဟဲပုရွာအကြား ရေပြင်အကျယ်ဆုံးဖြစ်သည်။ ရေပြင်၏ အကျယ်အဝန်းသည် (၄၄.၉) စတုရန်းမိုင်ရှိသည်။ ရေပြင် ကျယ်ကြီးသည်ပင်လယ်ပြင်တမျှရှုမဆုံးအောင်လှပသည်။ အမြင့်ပေ ၁၀ဝ၀ ကျော်မှ ၄၀ဝ၀ ကျော်ထိမတ်စောက်မြင့်မားသော တောင်တန်းများ၊ ကျောက်တောင်ကြီးများ ဝန်းရံထားပါသည်။

 အင်းပတ်လည်တစ်လျှောက် ရာသီဥတုအကြောင်းကို ပြောရမည်ဆိုလျှင် ကောင်းမွန်သည့် ရာသီဥတုရှိ၍စိုက် ကောင်းမွန်သည့် ရာသီဥတုရှိ၍ စိုက်ပျိုးရေးအတွက်သာမက လာရောက်လည်ပတ်သူများပါအကြိုက်တွေ့စေမည်ရာသီဥတုမျိုးဖြစ်သည်။ အင်းတော်ကြီးဒေသခရီးလုပ်ငန်းနှင့် လူထု ဗဟိုပြု အဖွဲ့အစည်းများ အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒေသတစ်ခုလုံး လွှမ်းခြုံနိုင်သည့် ဦးဆောင်အဖွဲ့အစည်းတစ်ဖွ့ဲမဖြစ်မနေလိုအပ်သည်။

သို့မှသာခရီးသည်များနှင့်ခရီးသွားလုပ်ငန်းတိုးတက်အောင်စနစ်တကျ အလျှင်အမြန်ဖော်ဆောင်နိူင်လိမ့်မည်။ ဒေသတစ်ခုခြင်းစီ၏ဝင်ငွေနှင့်ပြု ပြင်ထိန်းသိမ်းမှုများကို သဘာဝပတ်ဝန်းကျင် မထိခိုက်စေဘဲ အစိမ်းရောင်မီးခိုးတိတ် ခရီးသွားလုပ်ငန်းမှ ဝင်ငွေနှင့်အလုပ်အကိုင်ရှားပါးမှုပြဿနာကို နှစ်စဉ်ဖြေရှင်းပေးနိူင်သလို သန့်ရှင်း သာယာလှပသည့် အစိမ်းရောင် လူနေမှု ဂေဟာသစ် တစ်ခုဖြစ်လာနိူင်သည်။

လက်ရှိအခြေအနေတွင် အင်းတော်ကြီးမြို့ ဟိုတယ်ခရီးသွားရေးနှင့်ပတ်သက်၍ လုံးတုံတွင် မိုတယ်အငယ်လေးများသာ ရှိပြီး ပိုလျှံမှသာ အခြားဒေသများတွင် Home Stay အဆင့်သာရှိသေးသည်။ ၂၀၁၉ ခုနှစ်နိုဝင်ဘာလ ၁၈ ရက်နေ့တွင်အင်းတော်ကြီးဒေသ၏ ပထမအကြိမ်ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုအခြေခံသင်တန်းကို ၉ ရက်အကြာဖွင့်ခဲ့သည်။သင်တန်းတွင် ဧည့်ကြို၊ အစားအသောက်မွမ်းမံပြင်ဆင်ရေးနှင့် အိပ်ယာအခင်းအကျင်း ပြင်ဆင်ပုံဘာသာရပ် ၃ မျိုးကိုရက်တိုတိုအတွင်းမှာ အများနားလည်လွယ်အောင် စာတွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်းသိရသည်။ ခရီးသွားများ မြှင့်မားစွာ၊ စည်ကားစွာ ဖြစ်ထွန်းလာဖို့သည် ခရီးသွားဝန်ဆောင်မှု ကျွမ်းကျင်ဖို့လည်း လိုအပ်ပေသည်။ ယင်းသင်တန်းမျိုး များကိုလည်း မကြာခဏ ပြုလုပ်ပေးရန် လိုအပ်သည်။

လက်ရှိမှာတော့ အင်းတော်ကြီးဒေသမှာ ယခင်အချိန်အခါများကဲ့သို့မဟုတ်တော့ဘဲ လမ်းပန်းဆက် သွယ်ရေးလည်း ကောင်းမွန်နေပြီဖြစ်သည်။ ဆက်သွယ်ပြောဆိုရမည့် ဖုန်းလှိုင်းများသည်လည်း အသင့် သင့်ကောင်းမွန်နေပြီဖြစ်သည်။ ထိုအခြေအနေမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ပိုမိုစည်ကားလာစေ မည့် အနေအထားဖြစ်ရန် အကောင်အထည် ဖေါ်ဆောင်ရွက်ရမည်ဟု အကြံပြုလိုသည်။

ကချင်ပြည်နယ်အတွင်း နယ်မြေလုံခြုံ အေးချမ်းရင်နိုင်ငံခြားခရီးသွားများက ရက်ရှည်လာရောက်လေ့လာသူတွေပိုများ လာမည်။ မြန်မာနိုင်ငံတွင် အင်းတော်ကြီးကန်ကဲ့သို့ သဘာဝအလှတွေအများ ကြီး ရှိနေသော်လည်း ကမ္ဘာက သိအောင်မချ ပြနိူင်သေးဘူးလို့ တောင်ပြောလို့ရသည်။

မြန်မာ့ခရီးသွားကဏ္ဍကို တစ်ဖက်တစ်လမ်းကမြှင့်တင်ဖို့အတွက် မီဒီယာများ၏အခန်းကဏ္ဏလည်း အရေးပါသည်။ အရင်ကခရီးသွားတွေဒေသတစ်ခုကိုသွားမယ်ဆိုရင်ဓာတ်ပုံကိုကြည့်ပြီးသွားကြသည်။ ယနေ့ခေတ်တွင်ဓာတ်ပုံထက် ဗီဒီယိုကို မြင်ရတော့ပို၍ စိတ်ဝင်စားသည်။ နိုင်ငံတကာအဆင့်မီဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့အတွက်တိုင်း ပြည်နယ်မြေအားလုံး ငြိမ်းချမ်းဖို့လိုသည်။ ပြည်နယ်ကြီး ငြိမ်းချမ်း သွားရင် ပြည်နယ်ဖွံ့ဖြိုးမည်။ နိုင်ငံငြိမ်းချမ်းရင် နိုင်ငံတိုးတက်မည်။

မြန်မာတွင်သာမက အရှေ့တောင်အာရှတွင် ရှားပါးသော့ငှက်မျ ိုးစိတ်များ၊ ငါးမျိုးစိတ်များ၊ မမြင်ဘူးသောမျိုးစိတ်အသစ်များနှင့်ရှု့ခင်းများသည် အင်းတော်ကြီးဒေသ၌သာ တည်ရှိတော့သည်။ ယင်းရှိရင်း သဘာဝပတ်ဝန်းကျင်နှင့် သားရဲတိရစ္ဆာန် မျိုးစိတ်များကို ထိန်းသိမ်းနိုင်ရန် လူတိုင်းမှာ တာဝန်ရှိသည်။ ကန်ကြီး သာယာဖို့လိုသည်။ သန့်ရှင်းဖို့လိုသည်။ ဒီလို ကမ္ဘာ့အမွေအနှစ်ဝင် အင်းတော်ကြီးကန်ကို မြေး မှိန်မသွားအောင် ထိန်းသိမ်းရမည်။

ယခင်က သဘာဝတရားများနှင့် သာယာနေသည့် အင်းတော်ကြီးကန်မှာ လူဦးရေထူထပ်လာသည်နှင့် အမျှ ဘေးဝန်းကျင် တွင် စည်းကမ်းးမဲ့ အမှိုက်များစွန့်ပစ်ခြင်းက သူ့အတွက် စိန်ခေါ်မှုတစ်ခုလိုဖြစ်လာ တော့သည်။ စည်းကမ်းရှိပြီး စနစ်တကျ ထိန်းသိမ်းကြရင် အလွန်ပင် ရှုဖွယ်ကောင်းသည့် အင်းကြီးဖြစ်လာမည်ဖြစ်သည်။

အင်းတော်ကြီးကန်ဒေသသည် အင်းလေးကန်ထက် အားသာချက်အများကြီးရှိသော်လည်း လက်ရှိဖွံ့ဖြိုး စည်းကားနေသည်မှာ အင်းလေးကန်ဒေသပင်ဖြစ်သည်။ လှေကိုခြေဖြင့်လှော်ခတ်ပုံမြင်လျှင်အင်းလေးကန်လို့လူတိုင်းသိကြသည်။ ရိုးရာ အလုပ်အကိုင်အခွင့်အလမ်းများဖြစ်ထွန်း၍ အင်းလေးကန်အမှတ်တရဒေသထွက် ပစ္စည်းမျိုးစုံနှင့် အခြားစားသောက်ဖွယ်ရာများ ခရီးသွားများမှတမြတ်တနိူးဝယ်ယူကြ၍ ဒေသခံပြည်သူများ၏ဝင်ငွေကို တောင့်တင်းစေသည်။

သဘာဝအင်းတော်ကြီကန်နှင့် ပတ်ဝန်းကျင်မပျ က်စီးစေရန်ထိန်းသိမ်းရင်း၊ အစိမ်းရောင်လူနေမှုဂေဟာအတွင်း အင်းလေးကန်ကဲ့သို့ ဒေသတစ်ခုလုံးလွှမ်းခြုံ နိူင်သောလူထုအခြေပြု ခရီးသွားလုပ်ငန်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် မိမိဒေသ၏အကျိုးအတွက် အင်းတော်ကြီး တစ်ခေါက်အလည်ရောက်မှတ်တမ်းများနှင့် အတွေ့အကြုံအမြင်များကို လက်လှမ်း မီသမျှရေးသားရင်း ဖော်ရွေတတ်သော အင်းတော်ကြီးဒေသမှ ဌာနေသားတွေကို အမှတ်ရနေမှာပါ။ ရောက်ဖူးသူတိုင်း အင်းတော်ကြီးကန်၏ ရှုမဝအလှတရားများနှင့် ဒေသခံတိုင်းရင်းသားများ၏ ဖြူစင်ရိုးသားမှုများကို သိရှိကြမည်ဟု ယုံကြည် ရင်း မရောက်ဖူးသေးသော မိတ်ဆွေသင်္ဂဟများကိုလည်း လာလည်ဖို့ ဖိတ်ခေါ်လိုက်ပါသည်။

မိုးဟိန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။