Trending Now

ဆင်ဘိုမြို့တွင် ဒေသခံများစုပေါင်း၍ နန့်မော်မလေး ချောင်းကူးတံတားအား ကိုယ်ထူကိုယ်ထ ဆောက်လုပ်နေ

Spread the love

ဆင်ဘိုမြို့တွင် ဒေသခံများစုပေါင်း၍ နန့်မော်မလေး ချောင်းကူးတံတားအား ကိုယ်ထူကိုယ်ထ ဆောက်လုပ်နေ

EPN
မြစ်ကြီးနား၊ မတ်လ ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့တွင် ဒေသခံများ စုပေါင်း၍ နန့်မော်မလေ ချောင်းအား ဖြတ်သန်းသွားလာနိုင်ရန်အတွက် ကိုယ်ထူကိုယ်ထဖြင့် ချောင်းကူး သစ်သား တံတားအား မတ်လအတွင်းက စတင်တည်ဆောက်မှုပြုလုပ်နေကြောင်းဒေသခံများထံမှ သိရသည်။

ဆင်ဘိုမြို့မှ ၃မိုင်အကွာတွင် တည်ရှိသည့် နန့်မော်မလေး ချောင်းကူးတံတားသည် ဒေသခံပြည်သူများ မိုးတွင်းကာလများ၌ တောင်ယာသွားတွင် ရေကြီးရေလျှံမှုများ ရှိသည့်အခါတွင် သွားလာရန်ခက်ခဲသည့်အတွက် ဒေသခံများ စုပေါင်း၍ နန့်မော်မလေး ချောင်းကူးတံတားအား သိန်းတစ်ရာကုန်ကျခံကာ တည်ဆောက်ရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဒီတံတားက ကျနော်တို့ ဒေသခံတွေအတွက် တောင်ယာ သွားရာမှာ အသုံးပြုတဲ့ တံတားဖြစ်တယ် မိုးတွင်းပိုင်းဆို ခက်ခဲတယ် ဒါကြောင့် စုပေါင်းပြီး ဆောက်တာ အဲ့တံတား ပြီးရင်တော့ ဒေသခံတွေ အတွက် မိုးတွင်းပိုင်းမှာ သွားလာလို့ အဆင်ပြေတာပေါ့ “ ဟု တံတားတည်ဆောက်မှုတွင် ဦးဆောင်လုပ်ကိုင်နေသူ တစ်ဦးက ရှင်းပြသည်။

ဆင်ဘိုမြို့ ဒေသခံများ၏ ကိုယ်ပိုင်ငွေကြေးဖြင့် ကိုယ်ထူကိုယ်ထ တည်ဆောက်နေသည့် နန့်မော်မလေး ချောင်းကူးတံတား ပြီးစီပါက လာမည်မိုးရာသီအချိန်တွင် ဒေသခံများ လုပ်ကိုင်စိုက်ပျိုးနေသည့် တောင်ယာခင်းသို့ အလွယ်တကူ သွားရောက်စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်းကိုလည်း ဒေသခံများပြောကြားချက်အရ သိရသည်။

အဆိုပါ နန့်မော်မလေး ချောင်းကူးတံတား အား သက်ဆိုင်ရာ အစိုးရဌာနများသို့ ယခင်တည်းက တင်ပြ တောင်းခံမှုများရှိခဲ့သောလည်း ယနေ့ အချိန်ထိ ကူညီဆောင်ရွက်ပေးခြင်းမရှိသည့် အတွက် ဒေသခံများ တောင်သူများ စုပေါင်းကာ ကျပ်သိန်းတစ်ရာခန့် အကုန်ကျ ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတံတား၏ အရှည်ပေမှာ (၁၃၀) ပေ၊ စုစုပေါင်း ကျပ်သိန်းတစ်ရာခန့် ကုန်ကျမည်ဖြစ်ပြီး တံတားအမျိုးအစားမှာ သစ်သားတံတား ဖြစ်ကြောင်း သိရပြီး အဆိုပါ တံတားအား ဒေသခံပြည်သူများက စုစုပေါင်းကာ မတ်လ (၁၄) ရက်နေ့က စတင်တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။