Trending Now

ဇီးလွန်တိုက်ပွဲရှောင်စခန်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် မိုးတွင်းသုံး အသုံးအဆောင်ပစ္စည်းများ လိုအပ်နေ

Spread the love

ဇီးလွန်တိုက်ပွဲရှောင်စခန်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် မိုးတွင်းသုံး အသုံးအဆောင်ပစ္စည်းများ လိုအပ်နေ

EPN
မြစ်ကြီးနား ၊ ဇွန် ၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဇီးလွန် (IDPS) တိုက်ပွဲရှောင်စခန်းရှိ တိုက်ပွဲရှောင် ကျောင်းသား၊ ကျောင်းသူများအတွက် မိုးတွင်းသုံး အသုံးအဆောင်ပစ္စည်းများ လိုအပ်နေကြောင်း ဇီးလွန် တိုက်ပွဲရှောင်စခန်းရှိ တာဝန်ရှိသူများထံမှသိရသည်။

ယခု မိုးရာသီကာလ ကျောင်းဖွင့်ချိန်တွင် (IDPS) တိုက်ပွဲရှောင်စခန်းရှိ ကျောင်းသားကျောင်းသူများ အနေဖြင့် အဆင်ပြေသလိုသာ ကျောင်းသွားလာနေကြပြီး ၎င်းတို့အတွက် မိုးကာ၊ ထီး၊ ဖိနပ်များ လိုအပ်နေကြောင်း ဇီးလွန် (IDPS) တိုက်ပွဲရှောင်စခန်းရှိ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ဒီလို မိုးတွင်းရောက်လာပြီဆို အခါတိုင်း အလှူရှင်တွေက ကလေးတွေအတွက် ထီး၊ ဖိနပ်တွေ လှူဒါန်းတာတွေရှိတယ်။ အခု ဒီကာလမှာက အလှူရှင်နည်းပါးတယ်။ ကလေးငယ်တွေအတွက် မိုးတွင်းသုံး ပစ္စည်းလေးတွေ လိုအပ်နေကြတယ်။ ကလေးတွေက ကျောင်းသွားရင် ဖြစ်သလို ထီးတစ်ချောင်းကို (၃) ယောက်လောက်စုသွားရတာတွေလဲ မြင်တွေ့ရတယ်။ ကျောင်းနီးတဲ့ ကလေးတွေက နီးသလို သွားလာရပေမယ့် ဝေးတဲ့ကလေးတွေက အဆင်မပြေဘူး ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ကလေးငယ်များ ကျောင်းသွားလာရာတွင် မိမိအစီစဉ်ဖြင့်သာသွားလာနေရပြီး အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူ (၁၀၀) ကျော်ရှိနေကြောင်း သိရသည်။

ဇီးလွန် (IDPS) တိုက်ပွဲရှောင်စခန်းတွင် လူဦးရေပေါင်း (၅၀၀) ကျော် နေထိုင်လျက်ရှိကာ ဝိုင်းမော်ဘက်မှ တိုက်ပွဲရှောင်နေကြသည့် ဒေသခံများဖြစ်ပြီး (၁၂) နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။