Trending Now

မြစ်ကြီးနားတွင် ကြက်သွန်နီ လက်လီဈေး တစ်ပိသာ ကျပ် ၄၀၀၀ မှ ၄၅၀၀ ထိဈေးမြင့်တက်

Spread the love

မြစ်ကြီးနားတွင် ကြက်သွန်နီ လက်လီဈေး တစ်ပိသာ ကျပ် ၄၀၀၀ မှ ၄၅၀၀ ထိဈေးမြင့်တက်

EPN
မြစ်ကြီးနား၊စက်တင်ဘာ ၉

မြစ်ကြီးနားမြို့တွင် မုံရွာကြက်သွန်နီ တစ်ပိသာ ကျပ် ၃၉၀၀အထိရှိလာသလို လက်လီဈေးကွက်ထဲတွင် တစ်ပိသာ ကျပ် ၄၀၀၀ မှ ၄၅၀၀ ထိဈေးမြင့်တက်နေကြောင်း မြစ်ကြီးနားကြက်သွန်ဒိုင်များထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လပိုင်းတွင် မုံရွာကြက်သွန်အကြီး တစ်ပိသာလျှင် ၃၅၀၀ ကျပ်၊အလတ် ၃၃၀၀ ကျပ်၊အသေး ၃၁၀၀ ကျပ်သာ ရှိခဲ့သော်လည်း လက်ရှိတွင် ကြက်သွန်နီအကြီး တစ်ပိသာ ၄၅၀၀ ကျပ်၊ အလတ် ၄၀၀၀ ကျပ်နှင့် အသေး ၃၉၀၀ ကျပ်ထိ ရှိလာကြောင်း သိရသည်။

“ကျွန်တော်တို့က ကြက်သွန်နီကို မုံရွာနှင့်မန္တ‌လေး ဘက်ကနေသွင်းရတယ်၊ အခြားဘက်ကတော့ မသွင်းဘူး အဲ့နှစ်နေရာကနေပဲသွင်းပြီး တဆင့်ပြန်ရောင်းပေးတာပါ၊ကျွန်တော်တို့က အကြီးတစ်ပိသာကို ၃၉၀၀ ကျပ်၊အလတ် ၃၇၀၀ ကျပ်၊အသေး ၃၅၀၀ ကျပ် ရောင်းပေးတယ်၊ဈေးကွက်ထဲမှာတော့ အမြင့်ဆုံး ၄၅၀၀ ကျပ်ထိပေါက်တယ်”ဟု မြစ်ကြီးနားမြို့ရှိ ကြက်သွန်နီ ဒိုင်တစ်ဦးကပြောသည်။

ကုန်ဈေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ ရွှေဈေး၊ဒေါ်လာဈေးများမြင့်တက်လာပြီး သယ်ယူခစရိတ်များပြားလာမှုကြောင့် ကြက်သွန်နီဈေးများလည်းမြင့်တက်လာရင်ခြင်းဖြစ်ကြောင်း ကုန်သည်တစ်ဦးက ပြောဆိုသည်။

“အခုကဈေးတွေအကုန်တက်နေတာလေ ရွေဈေး၊ ဒေါ်လာဈေးတွေ၊ ဆီဈေးတွေအားလုံးပေါ့၊ အဲ့လိုမြင့်တက်လာတော့ စိုက်ခင်းလုပ်တဲ့သူတွေကလည်း စက်ပစ္စည်း‌တွေနဲ့ပဲလုပ်ရတော့ အခကြေးတွေက ဈေးတက်လာတာပေါ့ အဲ့တာကြောင့် ကြက်သွန်ဈေးတွေလည်းတက်လာတာပဲ၊ဒီဘက်ကိုဆို သယ်ယူခတွေလည်းထပ်ပေးရတော့ဒီဈေးနှုန်းတိုင်းရောင်း ဖြစ်ရတာပဲ”ဟု ၎င်းက ရှင်းပြသည်။

ကချင်ပြည်နယ်အတွင်း ရောင်းချသည့် ကြက်သွန်များကို မုံရွာ၊မန္တလေးဘက် မှတင်သွင်းနေခြင်းဖြစ်ပြီး ယခုလက်ရှိ မုံရွာ၊မန္တလေးတွင်လည်း ကြက်သွန် အသစ်မထွက်ရှိသေးပဲ အဟောင်းသာ ရောင်းဝယ် နေရသည့်အပြင် ၎င်းကြက်သွန်များကို ပြည်ပသို့ပို့ဆောင်ခြင်းများရှိသည့်အတွက် လက်ကျန်ဟောင်းဖြစ်သည့်ကြက်သွန်နီများမှာ ကုန်နိုင်ခြေရှိပြီး ဈေးနှုန်းလည်းထပ်မံမြင့်တက်နိုင်ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။