Trending Now

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ဖေဖော်ဝါရီလမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်နိုင်

Spread the love

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ဖေဖော်ဝါရီလမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်နိုင်

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၉

နိုင်ငံအတွင်းကို ပြန်လည်ရောက်ရှိလာချိန်မှာ ထောင်ဒဏ်ရှစ်နှစ်ချမှတ်ခံခဲ့ရပြီး တစ်နှစ်လွတ်ငြိမ်းချမ်းသာခွင့်ရရှိထားတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ လာမယ့် ဖေဖော်ဝါရီလမှာ လွတ်ငြိမ်းချမ်းသာခွင့်ရရှိဖို့ အရည်အချင်းပြည့်မှီတယ်လို့ အကြီးတန်းအရာရှိတစ်ဦးက စက်တင်ဘာ ၁၈ ရက်နေ့က တရားဝင်ပြောကြားခဲ့ပါတယ်။

၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအတွင်းမှာ ဖြုတ်ချခံခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ အကျော်ကြားဆုံး နိုင်ငံရေးသမား သက်ဆင်ဟာ ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်ခဲ့ရပြီး လွန်ခဲ့တဲ့လအတွင်းက နိုင်ငံကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

သက်ဆင် ပြည်ပမှာရှိနေစဉ် အာဏာအလွဲသုံးစားလုပ်မှု၊ အကျိုးစီးပွားပဋိပက္ခနဲ့ အကျင့်ပျက်ခြစားမှုတို့အပါအဝင် အမှုသုံးခုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူနိုင်ငံအတွင်းကို ပြန်လည်ရောက်ရှိလာချိန်ဟာ သက်ဆင်မိသားစု ကျောထောက်နောက်ခံပြုထားတဲ့ ဖြူးထိုင်းပါတီက ဆရက်သာ သာဗင်ဆင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

ဖြူထိုင်းပါတီရဲ့ ကိုယ်စာလှယ်လောင်း ဆရက်သာကို အစိုးရသစ်ဖွဲ့စည်းဖို့ စစ်တပ်အများဆုံးထိန်းချုပ်ထားတဲ့ အထက်လွတ်တော်က ထောက်ခံခဲ့တဲ့အတွက် သက်ဆင်ဟာ သူ့ရဲ့ ရန်သူတော်ဟောင်းတွေနဲ့ သဘောတူညီချက်အချို့ရရှိခဲ့တယ်လို့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ သက်ဆင်နဲ့ ဝန်ကြီးချုပ် ဆရက်သာ တို့ကတော့ ဒါကို ငြင်းဆိုထားပါတယ်။

ထိုင်းနိုင်ငံကို ပြန်ရောက်ရောက်ချင်းမှာပဲ သက်ဆင်ကို ဖမ်းဆီးသွားခဲ့ကြပေမယ့် ထောင်အတွင်း ပထမဆုံးညမှာပဲ သွေးတိုးရောဂါနဲ့ ရဲဆေးရုံကိုလွှဲပြောင်းပေးခဲ့ရပါတယ်။ ရက်ပိုင်းအကြာမှာတော့ ဘုရင် မဟာဝိဇယလောင်ကွန်းက သက်ဆင်ရဲ့ ပြစ်ဒဏ် ၈ နှစ်ထဲကနေ ၁ နှစ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

“သက်ဆင်က ထောင်ဒဏ်ခြောက်လကျခံပြီးသွားမယ်ဆိုရင် အသက် ၇၀ နှစ်အထက် အကျဉ်းသားတွေ၊ နာမကျန်းဖြစ်နေသူတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပြုဖို့ သူဟာ အရည်အချင်းပြည့်မှီပါတယ်။” လို့ ပြင်ဆင်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် စစ်သီ ဆွတ်တီးဗောင် က ရိုက်တာသတင်းကို ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်းရဲ့ ဆေးရုံမှာ ကုသမှုခံယူခြင်းဟာ ဆေးပညာရှင်တွေရဲ့ ဆုံးဖြတ်ချက်အရ ဖြစ်ပြီး အချိန်အကန့်အသတ်မရှိဘူးလို့လည်း ဒုတိယညွှန်ကြားရေးမှူးချုပ် က ထည့်သွင်းပြောကြားခဲ့ပါတယ်။

ref; Reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။